ပွဲစဥ် (၃) အဖြစ် ယနေ့ညနေပိုင်းမှာ ရန်ကုန်ယူနိုက်တက်အသင်းနဲ့ သစ္စာအားမာန်အသင်းက YUSC ကွင်း၊ Young Lionesses အသင်းနဲ့ ရန်ကုန်စီးတီးအသင်းက ပဒုမ္မာကွင်း၊ မနက်ဖြန် (ဇွန် ၃၀) မှာ ဧရာဝတီအသင်းနဲ့ ISPE အသင်းက ပုသိမ်မြို့ရှိ ကိုးသိန်းကွင်း၊ ရတနာပုံအသင်းနဲ့ ဇွဲကပင်ယူနိုက်တက်အသင်းက သုဝဏ္ဏကွင်း၊ ဇူလိုင် (၁) ရက်မှာ မြဝတီအသင်းနဲ့ ရှမ်းယူနိုက်တက်အသင်းက သုဝဏ္ဏကွင်းတိုမှာ ယှဥ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရပါသည်။
ပွဲစဥ် (၂)အပြီးမှာ ဧရာဝတီအသင်း၊ ISPE အသင်းနဲ့ ရန်ကုန်ယူနိုက်တက်အသင်းတိုက (၂) ပွဲကစား၊ (၂) ပွဲနိုင်၊ ရမှတ် (၆) မှတ်စီ ရရှိနေကြပေမဲ့ ဧရာဝတီအသင်းက ဂိုးကွာခြားချက်နှင့် အမှတ်ပေးဇယားကို ဆက်လက်ဦးဆောင်နေကြောင်း သိရပါသည်။
ဒီရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်မယ့်အသင်းဟာ ယခင်နှစ်ပြိုင်ပွဲချန်ပီယံဆုကြေးရဲ့ (၂) ဆဖြစ်တဲ့ ကျပ်သိန်း (၁၀၀၀) ရရှိမည်ဖြစ်ကြောင်း သိရပါသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲချုပ် (MFF) ဟာ ဒီရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်မယ့် အသင်း (၁၀) သင်းကို ရပ်တည်မှုအဆင့်အလိုက် ဆုကြေးငွေများပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရပါသည်။
MFF ရဲ့ တရားဝင်ထုတ်ပြန်မှုအရ ဒီရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဖြစ်မည့်အသင်းက ဆုကြေး ကျပ်သိန်း (၁၀၀၀)၊ ဒုတိယ ကျပ်သိန်း (၇၀၀)၊ တတိယ ကျပ်သိန်း (၅၀၀)၊ အဆင့် (၄) ကျပ်သိန်း (၃၀၀)၊ အဆင့် (၅) ကျပ်သိန်း (၂၀၀)၊ အဆင့် (၆) ကျပ် (၁၇၅) သိန်း၊ အဆင့် (၇) ကျပ်သိန်း (၁၅၀)၊ အဆင့် (၈) ကျပ် (၁၂၅) သိန်း၊ အဆင့် (၉) ကျပ်သိန်း (၁၀၀) နဲ့ အဆင့် (၁၀) ကျပ် (၇၅) သိန်း ရရှိမည်ဖြစ်ကြောင်း သိရပါသည်။
ထို့ပြင် ပြိုင်ပွဲဝင်အသင်း (၁၀) သင်းစလုံးကို အခြေခံထောက်ပံ့ငွေအဖြစ် တစ်သင်းလျှင် ကျပ်သိန်း (၅၀၀) စီ ပေးအပ်သွားမှာဖြစ်ကြောင်းလည်း သိရပါသည်။
ဒါ့အပြင် MFF က သတ်မှတ်ထားသော Development Criteria များနဲ့ ပြည့်မီအောင် ဆောင်ရွက်နိုင်တဲ့အသင်းများကို ကျပ်သိန်း (၂၀၀) စီ ထပ်မံပေးအပ်သွားဖို စီစဥ်ထားကြောင်းလည်း သိရပါသည်။
ဒီရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲကို လက်ရှိချန်ပီယံ ဧရာဝတီ၊ ရန်ကုန်ယူနိုက်တက်၊ ရှမ်းယူနိုက်တက်၊ မြဝတီ၊ ISPE၊ သစ္စာအားမာန်၊ ရန်ကုန်စီးတီ၊ Young Lionesses၊ ရတနာပုံနဲ့ ဇွဲကပင်ယူနိုက်တက်အသင်း (၁၀) သင်း ပါဝင်ယှဥ်ပြိုင်သွားမည်ဖြစ်ပါသည်။
ပြီးခဲ့သည့်ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့သော ဧရာဝတီအသင်းဟာ ချန်ပီယံဆုကြေး ကျပ်သိန်း (၅၀၀) သာ ရရှိခဲ့ပါသည်။
