ဖိလစ်ပိုင်တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် ပင်လယ်ကြမ်းပြင်သည် ခြောက်ပေကျော်အထိ မြင့်တက်ခဲ့ပြီး သန္တာကျောက်တန်းများနှင့် ရေနေသတ္တဝါများ ပျက်စီး

ပြီးခဲ့သည်သီတင်းပတ်အတွင်း ဖိလစ်ပိုင်နိုင်ငံ၌ အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် လူပေါင်း ၆၀ ကျော် သေဆုံးခဲ့ပြီး ပင်လယ်ကြမ်းပြင်သည် ၂ မီတာ (၆ ပေကျော်) အထိ မြင့်တက်လာခဲ့ခြင်းကြောင့် သန္တာကျောက်တန်းများ ကုန်းပေါ်သို့ ပေါ်ထွက်လာကာ ရေနေသတ္တဝါများလည်း ထိခိုက်ပျက်စီးစေခဲ့ကြောင်း ဖိလစ်ပိုင်၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနက ဇွန် ၁၄ ရက်တွင် ပြောကြားခဲ့သည်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအေဂျင်စီ၏ နောက်ဆုံးရစာရင်းများအရ ဇွန် ၈ ရက်က မင်ဒါနာအိုကျွန်းတောင်ပိုင်းတွင် လှုပ်ခတ်ခဲ့သော ရစ်ချ်တာစကေး ၇ ဒသမ ၈ ပြင်းအားရှိ အဆိုပါ ငလျင်ကြောင့် လူပေါင်း ၄၀ ခန့် ပျောက်ဆုံးနေဆဲ ဖြစ်သည်။

အဆိုပါ ငလျင်လှုပ်ခတ်ပြီး နှစ်ရက်အကြာတွင် ကမ်းခြေဒေသအချို့၌ ကမ်းခြေဧရိယာသည် မီတာ ၂၀၀ ခန့်အထိ ပိုမိုကျယ်ပြန့်လာခဲ့ပြီး ကမ်းရိုးတန်း မြင့်တက်လာခြင်းဟု လူသိများသည့် ယင်း ဘူမိဗေဒဖြစ်စဉ်ကို ဒေသခံပြည်သူများက စတင်သတိပြုမိကာ သက်ဆိုင်ရာကို သတင်းပို့ခဲ့ကြခြင်းဖြစ်ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနက ပြောကြားခဲ့သည်။

Cotabato Trench အမည်ရှိ သမုဒ္ဒရာကြမ်းပြင် ချိုင့်ဝှမ်းဒေသ ရွေ့လျားမှုကြောင့် ဆာရန်ဂါနီ နှင့် ဒါဗာအို အိုဆီဒန်တယ်ပြည်နယ်များ၏ ကမ်းရိုးတန်းနယ်နိမိတ်အချို့ကို အထက်သို့ တွန်းတင်လိုက်သကဲ့သို့ ဖြစ်စေခဲ့ပြီး ယခင်က ရေအောက်ထဲတွင် နစ်မြုပ်နေခဲ့သည့် ပင်လယ်ကြမ်းပြင်ကို ကုန်းပေါ်သို့ ပေါ်ထွက်လာစေခဲ့သည်ဟု ဖိလစ်ပိုင် မီးတောင်နှင့် ငလျင်ဗေဒသုတေသနအဖွဲ့က ထုတ်ပြန်ချက်တစ်ခုတွင် ပြောကြားခဲ့သည်။

ခန့်မှန်းခြေအားဖြင့် ၂ မီတာခန့် မြင့်တက်လာကြောင်း တိုင်းတာသိရှိထားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

မင်ဒါနာအိုကျွန်းတောင်ပိုင်း ကမ်းရိုးတန်းနှင့် ၅၀ ကီလိုမီတာခန့်သာ ဝေးကွာသောနေရာတွင် တည်ရှိသည့် Cotabato Trench သည် ငလျင်လှုပ်ခတ်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည့်နေရာ ဖြစ်ပြီး ပြီးခဲ့သည့် ဇန်နဝါရီလကလည်း အင်အားအနည်းငယ်သာရှိသော ငလျင်ငယ်ပေါင်း ထောင်နှင့်ချီ လှုပ်ခတ်မှု ဖြစ်ပွားခဲ့သည်။

အဆိုပါဒေသသို့ စေလွှတ်ခဲ့သည့် အဖွဲ့က ရှည်လျားသော ကမ်းရိုးတန်းဧရိယာများ၊ သန္တာကျောက်တန်းများနှင့် ပင်လယ်ရေမှော်ခင်းများ ကုန်းပေါ်သို့ ပေါ်ထွက်နေသည်ကို တွေ့ရှိခဲ့ရသည်ဟု ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနက ပြောကြားခဲ့သည်။

၎င်းတို့အနေဖြင့် ကွင်းဆင်းစစ်ဆေးရမည့် ဧရိယာပမာဏမှာ အလွန်ကျယ်ပြန့်လှသဖြင့် ဧရိယာအကျယ်အဝန်း မည်မျှအထိ ထိခိုက်ပျက်စီးသွားခဲ့သည်ဆိုသည်ကို တိတိကျကျ မပြောနိုင်သေးကြောင်း အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန၏ ဒေသန္တရရုံးမှ ထုတ်ပြန်လိုက်သော ဓာတ်ပုံများတွင် ကုန်းပေါ်သို့ ပေါ်ထွက်နေသည့် ကျယ်ပြန့်လှသော သန္တာကျောက်တန်းများနှင့်အတူ ၎င်းတို့အပေါ်၌ သေဆုံးနေသည့် ငါးများနှင့် အခြားရေနေသတ္တဝါများ တင်ကျန်နေသည်ကို တွေ့ရှိရသည်။

ပုပ်ပွနေသော ရေနေသတ္တဝါများမှ ထွက်လာသည့် အနံ့အသက်များနှင့် အခိုးအငွေ့များကြောင့် အဆိပ်သင့်မှုများ ဖြစ်ပွားနိုင်သည်ကို စိုးရိမ်သောကြောင့် ဒေသခံပြည်သူများသည် ပင်လယ်ကြမ်းပြင် ပြောင်းလဲမှုဖြစ်စဉ်ကို အာဏာပိုင်များထံ ကနဦးက သတင်းပို့ခဲ့ကြခြင်း ဖြစ်သည်။

ကုန်းပေါ်သို့ ပေါ်ထွက်လာသည့် သန္တာကျောက်တန်းများနှင့် ပင်လယ်ရေမှော်များသည် ပျက်စီးနေပြီး ထိုကျောက်တန်းများနှင့် ရေမှော်များကို အမှီပြုပြီး ကျက်စားနေကြသည့် ငါးများ၊ ငါးရှဥ့်များ၊ ကမာများနှင့် ခရုကဲ့သို့သော ရေနေသက်ရှိများလည်း သေဆုံးခဲ့ကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနက ပြောကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *