BrahMos Aerospace ကုမ္ပဏီအနေဖြင့် ရုရှားတပ်ဖွဲ့များအတွက် BrahMos ဒုံးကျည်အမှာများကို လက်ခံရန် အသင့်ရှိနေပြီ ဖြစ်ကြောင်း အဆိုပါကုမ္ပဏီကပြောသည်။ BrahMos ဒုံးကျည်ကို ရုရှားနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့က ပူးပေါင်းထုတ်လုပ်ခြင်း ဖြစ်သည်။ အိန္ဒိယနိုင်ငံရှိ ဗြဟ္မပုတ္တရမြစ်နှင့် ရုရှားနိုင်ငံရှိ မော့စဗာမြစ်တို့ကိုအစွဲပြု၍ မှည့်ခေါ်ထားသည့် BrahMos ဒုံးကျည်က ကမ္ဘာပေါ်ရှိ အသံထက်မြန်အနိမ့်ပျံဒုံးကျည်များအနက် တစ်မျိုးအပါအဝင်ဖြစ်သည်။
ကုမ္ပဏီအနေဖြင့် ရုရှားနိုင်ငံ၏ လိုအပ်ချက်ကို နားလည်သဘောပေါက်ကြောင်း၊ ရုရှားစစ်ဘက်အတွက် မှာယူလာမည်ဆိုပါက အမှာစာများကို ဖြည့်ဆည်းပေးနိုင်စွမ်းရှိကြောင်း ကုမ္ပဏီမှဦးဆောင်ညွှန်ကြားရေးမှူး အလက်ဇန်းဒါးမက်ဆီချက်က ဆိုသည်။
BrahMos ဒုံးကျည်များကို မြေပြင်သုံး၊ ဝေဟင်သုံးနှင့် ရေပြင်သုံးဟူ၍ အမျိုးအစားသုံးမျိုးထုတ်လုပ်ထားပြီး အိန္ဒိယနိုင်ငံကအဆိုပါ အမျိုးအစားသုံးမျိုးစလုံးကို ၎င်းတို့၏ ကြည်း၊ ရေ၊ လေ တပ်ဖွဲ့များတွင် အသုံးပြုနေပြီဖြစ်သည်။ ဒုံးကျည်၏ ထိရောက်မှုအကွာအဝေးမှာ မိုင် ၁၈၀ ဖြစ်သည်။
လက်ရှိတွင် အဆိုပါဒုံးကျည်ကိုပထမဆုံးဝယ်ယူသည့် ပြည်ပနိုင်ငံမှာ ဖိလစ်ပိုင်နိုင်ငံဖြစ်ပြီး ဒုံးတပ်ခွဲသုံးခွဲစာဝယ်ယူထားခြင်း ဖြစ်သည်။ ထို့ပြင် ဗီယက်နမ်နိုင်ငံကလည်း အဆိုပါ ဒုံးကျည်များကို ဝယ်ယူရန် သဘောတူညီချက်ရရှိထားပြီး ဖြစ်ကြောင်း သိရသည်။
