အီရန်နိုင်ငံ၏ ရေနံတင်သင်္ဘောများ တိုက်ခိုက်ခံရပါက အရှေ့အလယ်ပိုင်းရှိ အမေရိကန်အခြေစိုက်စခန်းများ ကို ပစ်မှတ်ထားတိုက်ခိုက်သွားမည်ဟု အီရန်အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့(IRGC) က မေ ၉ ရက်တွင် ခြိမ်းခြောက်ပြောကြားခဲ့ကြောင်း အီရန်မီဒီယာများက ဖော်ပြခဲ့သည်။
တစ်ချိန်တည်းမှာပင် အမေရိကန်အနေဖြင့် ၎င်းတို့၏ နောက်ဆုံးဆွေးနွေးညှိနှိုင်းမှု အဆိုပြုချက်အပေါ် အီရန်၏ တုံ့ပြန်မှုကို စောင့်ဆိုင်းလျက်ရှိသည်။
အိုမန်ပင်လယ်ကွေ့အတွင်း အီရန်ရေနံတင်သင်္ဘောနှစ်စင်းကို အမေရိကန်က တိုက်ခိုက်ခဲ့ပြီးနောက် တစ်ရက်အကြာတွင် “အီရန် ရေနံတင်သင်္ဘောတွေနဲ့ ကုန်သွယ်ရေးသင်္ဘောတွေကို ဘယ်လိုတိုက်ခိုက် မှုမျိုးမဆို လုပ်လာရင် ဒေသတွင်းက အမေရိကန်စင်တာတစ်ခု ဒါမှမဟုတ် ရန်သူ့သင်္ဘောတွေကို ပြင်းပြင်းထန်ထန် ပြန်လည်တိုက်ခိုက်သွားမှာဖြစ်တယ်” ဟု IRGC က ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အမေရိကန်၏ ငြိမ်းချမ်းရေးစာချုပ်ဆိုင်ရာ နောက်ဆုံးအဆိုပြုချက်အပေါ် အီရန်၏အဖြေကို ယနေ့ညတွင် ရရှိလိမ့်မည်ဟု မျှော်လင့်ကြောင်း မေ ၈ ရက်က ပြောကြားခဲ့သည်။
သို့သော် အီရန်ဘက်က ပါကစ္စတန် ကြားဝင်စေ့စပ်ပေးသူများမှတစ်ဆင့် အကြောင်းပြန်ကြားခြင်း ရှိ၊ မရှိကိုမူ လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခြင်းမရှိသေးဘဲ၊ အီရန်နိုင်ငံခြားရေးန်ကြီး အာဘက်စ် အာရက်ချီ က အမေရိကန်ခေါင်းဆောင်ပိုင်း၏ ယုံကြည်စိတ်ချရမှုအပေါ် မေးခွန်းထုတ်ခဲ့ကြောင်း သိရသည်။
အီရန်နိုင်ငံပိုင် ISNA သတင်းဌာန၏ ဖော်ပြချက်အရ အီရန်နိုင်ငံခြားရေးဝန်ကြီးက တူရကီနိုင်ငံ ခြားရေးဝန်ကြီးနှင့် ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးရာတွင် “ပါရှန်းပင်လယ်ကွေ့အတွင်း အမေရိကန်တပ်ဖွဲ့တွေရဲ့ တင်းမာမှု မြင့်တက်လာစေတဲ့ လုပ်ရပ်တွေနဲ့ အပစ်အခတ်ရပ်စဲရေးကို အကြိမ်ကြိမ်ချိုးဖောက်မှုတွေဟာ သံတမန်ရေးလမ်းကြောင်းပေါ်မှာ အမေရိကန်ဘက်က ဘယ်လောက်အထိ အလေးအနက်ထားသလဲဆိုတဲ့ ရည်ရွယ်ချက်အပေါ် သံသယတွေ ပိုတိုးလာစေပါတယ်” ဟု ပြောကြားခဲ့သည်။
မေ ၈ ရက်က အမေရိကန်တိုက်လေယာဉ် တစ်စင်းသည် အီရန်ဆိပ်ကမ်းများကို ပိတ်ဆို့ထားမှုကို စိန်ခေါ်သည်ဟု အမေရိကန်က စွပ်စွဲထားသော အီရန်အလံတင် ရေနံတင်သင်္ဘောနှစ်စင်းကို ပစ်ခတ်တိုက်ခိုက်ပြီး သွားလာ၍မရအောင် ပြုလုပ်ခဲ့သည်။
ယင်းအခြေအနေကို အီရန်ရေတပ်က ပြန်လည်တိုက်ခိုက်ခဲ့ကြောင်း အီရန်စစ်ဘက်အရာရှိတစ်ဦးက ပြည်တွင်းမီဒီယာများသို့ ပြောကြားခဲ့သည်။
အဆိုပါဖြစ်စဉ်မှာ မေ ၇ ရက်ညပိုင်းက ဟော်မုဇ်ရေလက်ကြားတွင် ဖြစ်ပွားခဲ့သော တင်းမာမှုများနောက်ပိုင်း ထပ်မံပေါ်ပေါက်လာခြင်း ဖြစ်သည်။
အီရန်သည် အဆိုပါအရေးပါသော နိုင်ငံတကာရေလမ်းကြောင်းကို ထိန်းချုပ်ခြင်းဖြင့် သင်္ဘောများထံမှ ဖြတ်သန်းခများကောက်ခံရန်နှင့် အမေရိကန်နှင့် ၎င်း၏မဟာမိတ်များအပေါ် စီးပွားရေးအရ အသာစီးရယူရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။
အမေရိကန်ဘက်ကမူ ယင်းကဲ့သို့ အရေးပါသော ရေနံတင်ပို့ရာ လမ်းကြောင်းကို အီရန်က ထိန်းချုပ်ခြင်းမှာ လက်ခံနိုင်စရာမရှိကြောင်း ပြောကြားထားသည်။
အမေရိကန်သည် ပါကစ္စတန်ကြားဝင် စေ့စပ်ပေးသူများမှတစ်ဆင့် အီရန်ထံသို့ အဆိုပြုချက်တစ်ခု ပေးပို့ထားပြီး၊ ယင်းသည် ဖေဖော်ဝါရီ ၂၈ ရက်က အမေရိကန်၊အစ္စရေးတို့၏ အီရန်အပေါ် တိုက်ခိုက်မှုဖြင့် စတင်ခဲ့သော ပဋိပက္ခကို အပြီးသတ်ဖြေရှင်းရန် ဆွေးနွေးမှုများ ပြုလုပ်နိုင်ရေးအတွက် ပင်လယ် ကွေ့ဒေသတွင်း ယာယီအပစ်အခတ်ရပ်စဲရေးကို သက်တမ်းတိုးရန်ဖြစ်သည်။ အီရန်ကမူ အဆိုပါ အဆိုပြုချက်ကို သုံးသပ်နေဆဲဖြစ်ကြောင်း ပြောကြားခဲ့သည်။
