ရန်ကုန်မြို့အခြေစိုက် ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးကကျင်းပသည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ဇွန်လ ၁၁ ရက်နေ့ ညပိုင်းတွင် ရန်ကုန်မြို့ရှိ Lotte Hotel ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါ်နန်းနီနီအေး တက်ရောက်သည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးသန်းမောင်နှင့်ဇနီး၊ ဒေါက်တာမောင်သင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊ လေ) ဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦး၊ တပ်မတော်အဆင့်မြင့်အရာရှိကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ ဒုတိယဝန်ကြီး ဒေါက်တာ နေခြည်လဲ့လဲ့သိန်း၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့တော်ဝန် ဦးမျိုးမြင့်အောင်၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံရုံးယာယီတာဝန်ခံ Ms. Natalia Nefedova ၊ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ စစ်သံမှူးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယသမ္မတနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများအား မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံရုံးယာယီတာဝန်ခံ၊ စစ်သံမှူးနှင့် တာဝန်ရှိသူတို့က ကြိုဆိုနှုတ်ဆက်ကြသည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့၏ နိုင်ငံတော်သီချင်းများဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေး ရှင်းနိုင်ငံ သံရုံးယာယီတာဝန်ခံက နှုတ်ခွန်းဆက်စကားပြောကြားသည်။
ယင်းနောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်များ၊ သိပ္ပံပညာဆိုင်ရာ အောင်မြင်မှုများ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံတကာရေးရာအခန်းကဏ္ဍ မှတ်တမ်း ဗီဒီယိုကိုပြသသည်။
ဆက်လက်၍ ဒုတိယသမ္မတသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ ညစာကို အတူတကွသုံးဆောင်သည်။ ညစာသုံးဆောင်နေစဉ်အတွင်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ ယဉ်ကျေးမှုအဖွဲ့များက ရိုးရာယဉ်ကျေးမှုအကအလှများ၊ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေတင်ဆက်ကြသည်။
ညစာသုံးဆောင်အပြီးတွင် ဒုတိယသမ္မတသည် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
