အသက်ခန္ဓာနှင့် သွေးချွေးများကို ပဓာနမထားဘဲ အောင်ပွဲနှင့်အတူ ပြန်လည်ရောက်ရှိလာကြသည့် အောင်ပွဲရ ရှေ့တန်းပြန် တပ်မတော်သားများအား ဂုဏ်ပြုကြိုဆို

ရှေ့တန်းစစ်မြေပြင်တွင် အမိနိုင်ငံတော်နှင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန်အတွက် အသက်ခန္ဓာနှင့် သွေးချွေးများကို ပဓာနမထားဘဲ အကြမ်းဖက်သမားများကို ရဲရဲဝံဝံ ချေမှုန်းသုတ်သင်ကာ အောင်ပွဲနှင့်အတူ ပြန်လည်ရောက်ရှိလာကြသည့် အောင်ပွဲရ ရှေ့တန်းပြန် တပ်မတော်သားများအား ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားကို အရှေ့တောင်တိုင်းစစ်ဌာနချုပ်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အောင်ပွဲရရှေ့တန်းပြန် စစ်သည်တော်များအား အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ တပ်မတော်သား မိသားစုဝင်များနှင့် ဒေသခံပြည်သူလူထုက လှိုက်လှိုက်လှဲလှဲနှင့် သောင်းသောင်းဖျဖျ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

ထိုသို့ ကြိုဆိုရာတွင် ရှေ့တန်းမှ ပြန်လည်ရောက်ရှိလာသော ရဲဘော်များ၏ နိုင်ငံချစ်စိတ်နှင့် စွမ်းဆောင်ရည်တို့ကို လေးစားဂုဏ်ပြုသောအားဖြင့် အောင်သပြေပန်းများ အစီအရီကမ်းကာ အမွှေးနံ့သာရည်များ ပက်ဖျန်း၍ လည်ဆွဲပန်းမော်ကွန်းများ စွပ်ပယ်ပေးခဲ့ကြသည်။ ထို့ပြင် ဌာနဆိုင်ရာများနှင့် မိသားစုဝင်များက အောင်ပွဲရစစ်သည်တော်များ၏ ပင်ပန်းနွမ်းနယ်မှုများ ပြေပျောက်စေရန်အတွက် သပြေပန်းများဖြင့် ဝမ်းပန်းတသာ ကြိုဆိုနှုတ်ဆက်ကြပြီး ဂုဏ်ပြုဖျော်ဖြေမှုများနှင့် စားသောက်ဖွယ်ရာများကိုပါ စီစဉ်ပေးခဲ့ကြသဖြင့် အခမ်းအနားတစ်ခုလုံး ရဲဘော်ရဲဘက်စိတ်ဓာတ်၊ မိသားစုစိတ်ဓာတ်တို့ဖြင့် ကြည်နူးချမ်းမြေ့ဖွယ် အတိဖြစ်ခဲ့ရပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *