အိန္ဒိယနယ်စပ်ရှိ သက်ဆိုင်သူများအနေဖြင့် တိုင်းပြည်ကောင်းစေလိုပါက ငြိမ်းချမ်းသည့်နည်းဖြင့်ပူးပေါင်းဆောင်ရွက်ရန်လိုကြာင်းနှင့် အခြားတည်ငြိမ်မှုထိခိုက်နေသည့် နယ်မြေများမှ လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများအနေဖြင့် တိုင်းပြည်ကောင်းအောင် ဒီမိုကရေစီနည်းလမ်းတကျ ပူးပေါင်းဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြောကြားသည်။
၂၀၂၆ ခုနှစ် မေ ၃၀ ရက်မှ ဇွန် ၃ ရက်အထိ ငါးရက်ကြာ အိန္ဒိယနိုင်ငံသို့ တရားဝင်ချစ်ကြည်ခရီးသွားရောက်ခဲ့သည့် နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့(ဇွန် ၃ ရက်)ညနေပိုင်းတွင် မြန်မာနိုင်ငံသို့ပြန်လည်ရောက်ရှိလာပြီး လေဆိပ်တွင် သတင်းမီဒီယာများနှင့်တွေ့ဆုံစဉ် နိုင်ငံတော်သမ္မတ ထိုသို့ပြောကြားခြင်းဖြစ်သည်။
မြန်မာ- အိန္ဒိယ ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုကို အခြေခံပြီး ယခုခရီးစဉ်ကိုသွားရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့သွားရောက်ရာတွင် အိန္ဒိယနိုင်ငံသမ္မတ၊ ဝန်ကြီးချုပ်နှင့် ပြည်ပရေးရာဝန်ကြီးတို့နှင့် သီးခြားစီတွေ့ဆုံဆွေးနွေးမှုများရှိခဲ့ကြောင်း၊ နှစ်နိုင်ငံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ရင်းနှီးမြှုပ်နှံမှုတိုးချဲ့ဆောင်ရွက်နိုင်ရေးနှင့် နယ်ပယ်အသီးသီးမှာလည်း ပူးပေါင်းဆောင်ရွက်နိုင်ရန် ဆွေးနွေးနိုင်ခဲ့ကြောင်း၊ နှစ်ဦးနှစ်ဖက် သဘောတူညီမှုများရှိခဲ့ပြီး ပူးတွဲကြေညာချက်လည်း ထုတ်ပြန်နိုင်ခဲ့ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က”အဓိကတော့ ကျွန်တော်တို့ဘက်က လုပ်ရမှာ၊ အလုပ်ကိုပိုမိုလုပ်ပြီးတော့ ကုန်ထုတ်မှုတွေလုပ်ကြဖို့ပေါ့။ ဒါမှလည်းကျွန်တော်တို့ကုန်သွယ်မှုတွေကိုသွားနိုင်မယ်။ တစ်ဖက်က လည်း ကျွန်တော်တို့ ကျန်တဲ့လိုအပ်ချက်တွေလည်း ကျွန်တော်တို့ပြည်သူလူထုအပိုင်းကလည်း ဝိုင်းဝန်းကြိုးစားဆောင်ရွက်ဖို့လည်းရှိပါတယ်။ ကျွန်တော်တို့ဒီလိုလုပ်နိုင်ဖို့ဆိုရင် တည်ငြိမ်အေးချမ်းဖို့ကလည်း အရေးကြီးပါတယ်။ တည်ငြိမ်အေးချမ်းမှလည်း လုပ်လို့ရမှာဖြစ်ပါတယ်။ ဒါကြောင့်ပထမဦးဆုံးတော့ ဒီလိုသွားတဲ့ အိန္ဒိယအပိုင်းနဲ့ပတ်သက်ပြီး အိန္ဒိယနယ်စပ်မှာရှိတဲ့သက်ဆိုင်သူများအနေနဲ့ တိုင်းပြည်ကောင်းစေချင်တယ်ဆိုလို့ရှိရင် တိုင်းပြည်နဲ့ပူးပေါင်းဆောင်ရွက်ဖို့ ငြိမ်းချမ်းတဲ့နည်းနဲ့ပူးပေါင်းဆောင်ရွက်ဖို့လိုပါတယ်။ အတူတူကြိုးစားဖို့လိုပါတယ်။ သူတို့ရဲ့သဘောထားတွေလည်း ပြန်လည်သုံးသပ်ပြီးတော့မှ ကျွန်တော်တိုင်းပြည်ကိုကောင်းအောင် ဆောင်ရွက်သွားဖို့လိုပါလိမ့်မယ်။ ဒီလိုပဲအခြားနယ်မြေတွေမှာရှိနေတဲ့ အကြောင်းအမျိုးမျိုးကြောင့် ကျွန်တော်တို့တည်ငြိမ်မှုထိခိုက်နေတဲ့ နယ်မြေတွေမှာရှိနေတဲ့ လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများအနေနဲ့ ပြန်လည်ပြီးတော့ တိုင်းပြည်ကိုပြန်လည်သုံးသပ်ပြီးတော့မှ တိုင်းပြည်ကောင်းအောင်လုပ်ဖို့အတွက် ငြိမ်းချမ်းတဲ့နည်းနဲ့ပေါ့နော်။ ပြောရရင် နိုင်ငံရေးစကားပြောရင် ဒီမိုကရေစီ နည်းလမ်းတကျပေါ့နော်။ ပူးပေါင်းဆောင်ရွက်သွားကြမယ်ဆိုတော့ တိုင်းပြည်ကဘာမှမကြာပါဘူး။ တိုးတက်ပါတယ်။ သေချာပါတယ်” ဟု ပြောကြားသည်။
ထို့ပြင် ပြီးခဲ့သည့် ဇွန် ၁ ရက်မှစတင်၍ ကျောင်းများစတင်ဖွင့်လှစ်ခဲ့ကြောင်း၊ ကျောင်းနေအရွယ်များအားလုံး ကျောင်းနေကာ ပညာမြှင့်တင်မှုနှင့်အတူ အချိန်အတိုင်းအတာတစ်ခုထိပေးကာ ကြိုးစားဆောင်ရွက်မည်ဆိုပါက မျှော်မှန်းသည့်ပန်းတိုင်ကို ကောင်းကောင်းမွန်မွန်ရောက်မည်ဟု မျှော်မှန်းကြောင်း၊ ပြည်သူလူထုအနေဖြင့်ကြိုးစားပေးရန်၊ အလုပ်လပ်ပေးရန်၊ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးရန်ပြောကြားလိုကြောင်း နိုင်ငံတော်သမ္မတကဆိုသည်။
အိန္ဒိယခရီးစဉ်သည် အောင်မြင်မှုရှိကြောင်း၊ မှတ်ချက်မျိုးစုံပေးကြမည်ဖြစ်သော်လည်း ကောင်းသည့်မှတ်ချက်များစွာရှိကြောင်း၊ ခရီးစဉ်သွားရောက်ရာတွင် ပင်ပန်းရကြိုးနပ်ကြောင်း၊ တိုင်းပြည်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်ကာ ပြည်သူများကိုယ်စိတ်နှလုံး ချမ်းမြေ့ပြီးလုပ်ကိုင်စားသောက်နိုင်ပါစေဟု ဆုတောင်းကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
