၂၀၂၆ ခုနှစ်မှစတင်၍ မြန်မာကျောင်းသားများအတွက် မဲခေါင်-ဂင်္ဂါ ICCR ပညာသင်ဆုများကို လက်ရှိပေးအပ်လျက်ရှိသည့် ပညာသင်ဆု ၃၆ ခုမှ ပညာသင်ဆု ၁၀၀ အထိ တိုးမြှင့်ပေးမည်
မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုအပေါ် အိန္ဒိယနိုင်ငံအနေဖြင့် ထောက်ခံကြောင်း အိန္ဒိယဝန်ကြီးချုပ် ရှရီနာရန်ဒရာ မိုဒီက ပြောကြားသည်။
မြန်မာနိုင်ငံသမ္မတဦးမင်းအောင်လှိုင်၏ အိန္ဒိယနိုင်ငံ တရားဝင်ခရီးစဉ်နှင့်ပတ်သက်၍ နှစ်နိုင်ငံပူးတွဲကြေညာချက်တွင် ထိုသို့ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။
နိုင်ငံတော်သမ္မတနှင့် အိန္ဒိယဝန်ကြီးချုပ်တို့သည် ဇွန် ၁ ရက်တွင် တွေ့ဆုံ၍ အပြန်အလှန် အကျိုးဖြစ်ထွန်းစေမည့် ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာကိစ္စရပ်များကို ပြန်လည်သုံးသပ်ခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေးအတွက် ရှေ့ဆက်ဆောင်ရွက်မည့် လမ်းစဉ်များကို ဆွေးနွေးခဲ့သည်။
အိန္ဒိယဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတနှင့် ဆွေးနွေးရာတွင် မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံ၏ အိမ်နီးချင်းဦးစားပေးမူဝါဒ၊ အရှေ့နှင့် ထိတွေ့ ဆက်ဆံရေးမူဝါဒနှင့် ဒေသတွင်း ဘေးကင်းလုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေးတို့အတွက် အပြန်အလှန်အမှီသဟဲပြုလျက်ရှိသော ဘက်စုံလွှမ်းခြုံသည့် မူဝါဒများ ဆုံစည်းရာနေရာတွင် တည်ရှိကြောင်း ပြောကြားခဲ့သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုအပေါ် အိန္ဒိယနိုင်ငံအနေဖြင့် ထောက်ခံကြောင်း ဝန်ကြီးချုပ်က ထပ်လောင်းပြောကြားခဲ့ပြီး မိမိတို့၏ အချုပ်အခြာအာဏာပိုင်နယ်မြေကို တစ်ဖက်နိုင်ငံ၏ လုံခြုံရေးကို ထိခိုက်နစ်နာစေမည့် မလျော်ကန်သော ဆောင်ရွက်မှုများကို တားဆီးကာကွယ်သွားရန် အရေးကြီးကြောင်း နှစ်ဖက်လုံးက အလေးထားပြောကြားခဲ့ကြောင်း သိရသည်။
အလားတူ မြန်မာနိုင်ငံ၏နယ်မြေအား အိန္ဒိယနိုင်ငံ၏ လုံခြုံရေးကိုထိခိုက်စေရန် အသုံးပြုခွင့်ပြုမည်မဟုတ်ကြောင်း နိုင်ငံတော်သမ္မတက ထပ်လောင်းပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံအတွက် ခိုင်မာပြီးယုံကြည်စိတ်ချရသော မိတ်ဖက်နိုင်ငံတစ်ခုအဖြစ် နှစ်နိုင်ငံအကြား လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုနက်ရှိုင်းစေရန် ဆောင်ရွက်သွားရန် ကတိကဝတ်ဆက်လက်ထားရှိကြောင်း ဝန်ကြီးချုပ်က အတည်ပြုပြောကြားခဲ့သကဲ့သို့ ဝန်ကြီးချုပ်က ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မြန်မာဦးဆောင်သော ကြိုးပမ်းအားထုတ်မှုများကို ထောက်ခံကြောင်း ပြောကြားသည်။
ထို့ပြင် ဝန်ကြီးချုပ်က နှစ်နိုင်ငံအကြား အပြန်အလှန်လေးစားမှုနှင့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကိုအခြေခံ၍ ကူညီပံ့ပိုးမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း ကမ်းလှမ်းခဲ့ပြီး အိန္ဒိယနိုင်ငံ၏ အပြုသဘောဆောင်သည့် ပံ့ပိုးကူညီမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများအပေါ် နိုင်ငံတော်သမ္မတက ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် နှစ်ဖက်ဆွေးနွေးရာတွင် ကုန်သွယ်ရေးနှင့်စီးပွားရေးအရ ဆက်ဆံရေး၊ ကာကွယ်ရေးနှင့်လုံခြုံရေး၊ နယ်စပ်ဒေသစီမံခန့်ခွဲမှု၊ ဖွံ့ဖြိုးရေးအကူအညီများနှင့် ယဉ်ကျေးမှုဆိုင်ရာဖလှယ်မှုများအပါအဝင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာအားကောင်းလာစေရန် အရေးကြီးကြောင်း အလေးအနက်ပြောကြားခဲ့ပြီး နှစ်ဖက်လုံးက ဆွေးနွေးလျက်ရှိသည့် နားလည်မှုစာချွန်လွှာများ၏ အခြေအနေကို မှတ်သားထားရှိကြောင်းနှင့် အဆိုပါနားလည်မှုစာချွန်လွှာများ အမြန်ဆုံးလက်မှတ်ရေးထိုးနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
ထို့အတူ အိန္ဒိယဝန်ကြီးချုပ်က လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာပါက ဒေသတွင်း၌ အပြန်အလှန်အကျိုးရှိစေမည့် စီးပွားရေးချိတ်ဆက်မှုများနှင့် နှစ်နိုင်ငံစည်ပင်ထွန်းကားလာစေမည်ဖြစ်ကြောင်း အလေးအနက် ပြောကြားခဲ့ပြီး ယင်းနှင့်စပ်လျဉ်း၍ ကုလားတန်မြစ်ကြောင်းဘက်စုံသုံး ဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းနှင့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးတို့ကို အပြီးသတ်နိုင်ရေးအတွက် နီးကပ်စွာပူးပေါင်းဆောင်ရွက်သွားရေးသည် အရေးကြီးကြောင်း နှစ်ဖက်လုံးက တူညီသောသဘောထားရှိကြောင်းသိရသည်။
၂၀၂၆ ခုနှစ်မှစတင်၍ မြန်မာကျောင်းသားများအတွက် မဲခေါင်-ဂင်္ဂါ ICCR ပညာသင်ဆုများကို လက်ရှိပေးအပ်လျက်ရှိသော ပညာသင်ဆု (၃၆) ခုမှ ပညာသင်ဆု (၁၀၀) အထိ တိုးမြှင့်ပေးမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က အသိပေးပြောကြားခဲ့ကြောင်း သိရသည်။
ယင်းအပြင် ရူပီး-ကျပ် ငွေပေးချေမှုစနစ်အပါအဝင် နှစ်နိုင်ငံကုန်သွယ်မှုကို ပိုမိုလွယ်ကူချောမွေ့စေရန်နှင့် တိုးမြှင့်ဆောင်ရွက်သွားရန် နှစ်ဖက်သဘောတူညီခဲ့ကြပြီး အဆိုပါစနစ်အား ၂၀၂၄ ခုနှစ် မေလတွင် စတင်အသုံးပြုချိန်မှစ၍ ငွေလွှဲပြောင်းမှုပမာဏ တစိုက်မတ်မတ် တိုးတက်လာခဲ့ခြင်းအပေါ် ကျေနပ်အားရကြောင်း ဖော်ပြခဲ့ပြီး မိမိတို့နိုင်ငံ ၏ သက်ဆိုင်ရာ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စိုက်ပျိုးရေး အခြေခံကုန်ထုတ်လုပ်မှု၊ ရေနံ၊ စွမ်းအင်၊ သတ္တုတွင်းကဏ္ဍများကဲ့သို့ အပြန်အလှန် အကျိုးဖြစ်ထွန်းသည့် နယ်ပယ်များတွင် ပိုမိုနီးကပ်သော ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကို ထောက်ခံကြောင်း နှစ်ဖက်လုံးက ဖော်ပြခဲ့ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံဝန်ကြီးချုပ် ရှရီနာရန်ဒရာ မိုဒီ၏ ဖိတ်ကြားချက်အရ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ၂၀၂၆ ခုနှစ်၊ မေ ၃၀ ရက်မှ ဇွန် ၃ ရက်အထိ အိန္ဒိယနိုင်ငံသို့ ပထမဆုံး တရားဝင်ခရီးစဉ် သွားရောက်နေခြင်းဖြစ်သည်။
ခရီးစဉ်တွင် နိုင်ငံတော်သမ္မတနှင့်အတူ နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌတို့ လိုက်ပါခဲ့ကြသည်။
ထို့ပြင် စိုက်ပျိုးရေး၊ ဆေးဝါး၊ စွမ်းအင်၊ ဘဏ်လုပ်ငန်း၊ ဆောက်လုပ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာ၊ ဆက်သွယ်ရေး၊ ကုန်သွယ်ရေးနှင့် သယ်ယူထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းအပါအဝင် ကဏ္ဍစုံမှ စီးပွားရေးလုပ်ငန်းရှင်များနှင့် မြန်မာ-အိန္ဒိယ ချစ်ကြည်ရေးအသင်းအဖွဲ့ဝင်များက မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များအဖြစ် လိုက်ပါခဲ့ကြောင်းသိရသည်။
နိုင်ငံတော်သမ္မတသည် ခရီးစဉ်အတွင်း အိန္ဒိယနိုင်ငံ သမ္မတ ရှရီမတီ ဒရောပါတီ မာမူနှင့် တွေ့ဆုံခြင်း၊နိုင်ငံတော်သမ္မတကို အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ အက်စ်ဂျိုင်ရှန်ကာနှင့် အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ်ရှရီအာဂျစ်ဒိုဗယ်တို့က သီးခြားစီ လာရောက်ဂါရဝပြု တွေ့ဆုံခြင်း၊ နယူးဒေလီမြို့၌ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) နှင့် အိန္ဒိယစက်မှုလက်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ် (CII)တို့ ပူးပေါင်းစီစဉ်သည့် မြန်မာ-အိန္ဒိယ စီးပွားရေးဖိုရမ်သို့ နိုင်ငံတော်သမ္မတ တတက်ရောက်အမှာစကားပြောကြားခဲ့ပြီး ယင်းဆွေးနွေးပွဲတွင် နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းရှင်ကြီးများသည် နှစ်နိုင်ငံကုန်သွယ်ရေးနှင့် စီးပွားရေးအခွင့်အလမ်းများကို ပိုမိုခိုင်မာစေရန်နှင့် တိုးချဲ့ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ဆွေးနွေးခြင်းတို့ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထို့ပြင် နိုင်ငံတော်သမ္မတသည် နွိုင်ဒါဒေသရှိ စွမ်းအင်နည်းပညာ သုတေသနမဟာမိတ်အဖွဲ့ (NETRA) အဆောက် အအုံသို့သွားရောက်၍ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိသော စွမ်းအင်တီထွင်ထုတ်လုပ်မှု၊ စွမ်းအင်လေလွင့်မှုမရှိစေဘဲ ထိရောက်စွာ အသုံးချမှု၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အား အချိုးကျပေါင်းစပ် အသုံးပြုမှုနှင့် လျှပ်စစ်ဓာတ်အားလိုင်းစနစ် ကြံ့ခိုင်မှုရှိစေရေးတို့အပါအဝင် အဆင့်မြင့်သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို လေ့လာကြည့်ရှုခြင်း၊ ဗုဒ္ဓဂယာရှိ မဟာဗောဓိစေတီတော်၊ မဟာဗောဓိဓမ္မရိပ်သာ မြန်မာဘုန်းတော်ကြီးကျောင်းနှင့် သုဇာတာကျောင်းတော်သို့ ခရီးစဉ်အစဖြစ်သွားရောက်၍ ဖူးမြော်ကြည်ညိုတို့ဆောင်ရွက်ခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်၏ တရားဝင်ခရီးစဉ်သည် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံအကြား ရေရှည်တည်တံ့ခိုင်မြဲ၍ ချစ်ကြည်ရေးနှင့်နီးကပ်သော မိတ်ဖက်အဖြစ် ရပ်တည်မှုကိုလည်းကောင်း၊ နှစ်နိုင်ငံ အပြန်အလှန်အကျိုးစီးပွားအတွက် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုအားကောင်းလာစေရန် ဘုံတူညီသော ကတိကဝတ်များထားရှိမှုကိုလည်းကောင်း ထပ်လောင်းအတည်ပြုခဲ့ခြင်းဖြစ်ပြီး အဆင့်တိုင်းတွင် နီးကပ်စွာ ဆက်လက်ထိတွေ့ဆောင်ရွက်သွားရန် နှစ်ဖက်လုံးက သဘောတူညီခဲ့သည်။
အိန္ဒိယနိုင်ငံခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့အား နွေးထွေးပျူငှာစွာ ဧည့်ဝတ်ကျေပွန်သည့်အပေါ် ဝန်ကြီးချုပ် ရှရီ နာရန်ဒရာ မိုဒီအား အထူးပင်ကျေးဇူးတင်ရှိကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပြီး နိုင်ငံတော်သမ္မတက အိန္ဒိယနိုင်ငံဝန်ကြီးချုပ်အား နှစ်ဖက်အဆင်ပြေမည့်ကာလတွင် မြန်မာနိုင်ငံ သို့လာရောက်ရန် ဖိတ်ကြားခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတသည် ဇွန် ၂ ရက်နှင့် ၃ ရက်တို့တွင် မဟာရက်ရှ်ထရာ ပြည်နယ်အုပ်ချုပ်ရေးမှူး၊ ပြည်နယ်ဝန်ကြီးချုပ်တို့နှင့် တွေ့ဆုံမည်ဖြစ်သကဲ့သို့ မွမ်ဘိုင်းမြို့ခရီးစဉ်အတွင်း စီးပွားရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုများပြုလုပ်မည်ဖြစ်သည်။
