အမျိုးသားလုံခြုံရေးအဖွဲ့ (National Security Bureau – NSB)ကို နိုင်ငံတော်သမ္မတကဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး ပြန်လည်ဖွဲ့စည်းထားကြောင်း မြန်မာနိုင်ငံပြန်တမ်းတွင် ဖော်ပြထားမှုအရသည်။
အဆိုပါ အမျိုးသားလုံခြုံရေးအဖွဲ့ကို နိုင်ငံတော်သမ္မတရုံးက အမိန့်အမှတ် (၄၆/၂၀၂၆)ဖြင့် ၂ဝ၂၆ ခုနှစ်၊ ဧပြီ ၂၁ ရက်က ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ဥက္ကဋ္ဌအပါအဝင် ၁၃ ဦးပါဝင်သည်။
အမျိုးသားလုံခြုံရေးအဖွဲ့ (National Security Bureau – NSB) တွင် ဥက္ကဋ္ဌအဖြစ် နိုင်ငံတော်သမ္မတက တာဝန်ယူပြီး ဒုတိယဥက္ကဋ္ဌ(၁)အဖြစ် ဒုတိယသမ္မတ(၁)ကလည်းကောင်း၊ ဒုတိယဥက္ကဋ္ဌ (၂)အဖြစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလည်းကောင်း၊အတွင်းရေးမှူးအဖြစ် တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ကလည်းကောင်း တာဝန်ယူမည်ဖြစ်ပြီး အဖွဲ့ဝင်များအဖြစ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထောင်စုဝန်ကြီး နိုင်ငံတော်သမ္မတရုံး၊ ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ ပါဝင်မည်ဖြစ်သည်။
ယခင် အမျိုးသားလုံခြုံရေးအဖွဲ့ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်တွင်ဖွဲ့စည်းခဲ့ပြီး ထိုစဥ်က အဖွဲ့ဥက္ကဋ္ဌအပါအဝင် စုစုပေါင်း ၁၀ ဦးဖြင့်ဖွဲ့စည်းခဲ့ကာ ဥက္ကဋ္ဌတာဝန်ကို တပ်မတော်ကာကွယ်ရေးဦးချုပ်ကလည်းကောင်း၊ အတွင်းရေးမှူးအဖြစ် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တွဲဖက်အတွင်းရေးမှူးအဖြစ် တပ်မတော်စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ကလည်းကောင်း တာဝန်ယူဆောင်ရွက်ပြီး ကျန်အဖွဲ့ဝင်ခုနစ်ဦးမှာ ပြည်ထောင်စုဝန်ကြီးများဖြစ်သည်။
အမျိုးသားလုံခြုံရေးအဖွဲ့ (National Security Bureau – NSB)ကို ဖွဲ့စည်းခြင်းမှာ အမျိုးသားလုံခြုံရေးကဏ္ဍအား ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက်ဖြစ်ကြောင်း သိရသည်။
ယခု ပြန်လည်ဖွဲ့စည်းသည့် အမျိုးသားလုံခြုံရေးအဖွဲ့ (National Security Bureau – NSB) ၏ လုပ်ငန်းတာဝန်များမှာ ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေး(၃)ပါးကို ဦးထိပ်ထား၍ နိုင်ငံတော်၏ အခြေအနေအရပ်ရပ်အား ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုဝန်ကြီးဌာနများပေါင်းစပ်၍ အမျိုးသားလုံခြုံရေးတာဝန်များအား ထိရောက်စွာပူးပေါင်းဆောင်ရွက်ရဖြစ်ကြောင်း၊ အမျိုးသားလုံခြုံရေးအဖွဲ့၏ နေ့စဉ်လုပ်ငန်းတာဝန်များကို ညှိနှိုင်းဆောင်ရွက်နိုင်ရန်အတွက် အဖွဲ့တွင် ပါဝင်သော ပြည်ထောင်စုဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များဖြင့် ရုံးအဖွဲ့အား ဖွဲ့စည်းထားရှိရမည်ဖြစ်ကြောင်း၊ အဆိုပါရုံးအဖွဲ့အား ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးမှ ကြီးကြပ်ကွပ်ကဲ၍ ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် အမျိုးသားလုံခြုံရေးအဖွဲ့ (NSB) ၏ ဘဏ္ဍာငွေခွဲဝေသုံးစွဲမှုအရပ်ရပ်အား ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ ဘဏ္ဍာရေးအသုံးစရိတ် (Budget) မှ ကျခံသုံးစွဲရန်ဖြစ်ကြောင်း သိရသည်။
