တောင်ကြီးမြို့တွင် ကျောင်းအပ်နှံရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်

တောင်ကြီးမြို့တွင် ကျောင်းအပ်နှံရေး နေ့ အခမ်းအနားကို အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် မေလ ၂၉ ရက် မနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တောင်ကြီးမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် မေလ ၂၉ ရက် မနက်ပိုင်း (၁၀) နာရီ ဝန်းကျင် ခန့်တွင် ကျောင်းအပ်နှံရေး အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကာ၊ ရှမ်းပြည်နယ် လွှတ်တော် ဥက္ကဌ၊ ရှမ်းပြည်နယ် အစိုးရ အဖွဲ့ ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

တောင်ကြီးမြို့  အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်းရှေ့တွင် စိုက်ထူထားသော ဆိုင်းဘုတ် ကို ရှမ်းပြည်နယ် ဝန်ကြီးချုပ် က စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးခဲ့ကာ  ကြိုဆိုခဲ့ကြသော ဘင်ခရာတီးဝိုင်းအဖွဲ့များအား ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက ဆုတော်ငွေများ ချီးမြှင့်ပေးအပ်ခဲ့သည်။

အခမ်းအနား ဒုတိယပိုင်းတွင် တောင်ကြီးမြို့၊ အမှတ်(၁) အခြေခံ ပညာအထက်တန်းကျောင်း ၊ ဒေါ်ခင်သိန်း ခန်းမဆောင် တွင် ကျောင်းအပ်နှံရေးနေ့ အစီအစဉ် ကျောင်းသားကျောင်းသူ များတို့မှ ဖျော်ဖြေတင်ဆက် ကပြခဲ့ကြပြီး၊ ဝန်ကြီးချုပ်မှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။

မြန်မာနိုင်ငံရှိ ပြည်သူတိုင်း အခြေခံပညာခိုင်မာစေရန် နိုင်ငံတော်မှ ပညာသင်အရွယ်တိုင်း KG+9 အနည်းဆုံးပြီးမြောက်ရန် စီမံကိန်း ချမှတ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ မိဘများ အခက်အခဲ မရှိစေဘဲ သားသမီးများကို ကျောင်းအပ်နှံနိုင်ရေး အတွက် ပညာရေးဝန်ကြီး ဌာန မှ ဗလာစာအုပ် ၊ ဘောပင်၊ ခဲတံ၊ ကျောင်းဝတ်စုံနှင့် ကျောင်းသုံးပုံနှိပ်ပြဌာန်းဖတ်စာအုပ်များကို အခမဲ့ ဖြန့်ဝေပေးလျက် ရှိကြောင်း၊ ထို့ပြင် အခြေခံ၊ အလယ်တန်း ၊ အထက်တန်း အဆင့် ကျောင်းသား ကျောင်းသူများအတွက် အခမဲ့ ပညာရေး စနစ်ကို အကောင်အထည် ဖော်ဆောင်ရွက်လျက် ရှိကြောင်း ၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး က မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

ပညာရေး ဝန်ကြီးဌာနသည် သင်ကြား သင်ယူမှု အခွင့်အလမ်းများ တိုးတက်ကောင်းမွန်ပြီး အရည်အချင်း ပြည့်ဝသည့် အသက်မွေးဝမ်းကျောင်းပညာများနှင့် ချိတ်ဆက်ပေါင်းကူးနိုင်ရေး ရည်ရွယ်၍အလယ်တန်းအဆင့် Grade-9 ပြီးမြောက်အောင်မြင်ပြီးသော ကျောင်းသားကျောင်းသူများ အတွက် Grade- 10 Grade-11 Grade- 12 စက်မှုအတတ်ပညာ၊ စိုက်ပျိုးရေး အတတ်ပညာ၊ မွေးမြူရေး အတတ်ပညာ များကိုသင်ကြားနိုင်ရေးအတွက် ၂၀၂၃ -၂၀၂၄ ပညာသင်နှစ်မှ စ၍ အခြေခံ ပညာကျောင်းများနှင့် ချိတ်ဆက်၍ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း (၁၅) ကျောင်းကို ရှမ်းပြည်နယ်တွင် ဖွင့်လှစ်ခဲ့ပါကြောင်း၊ Grade- 12 အောင်မြင်သူများအတွက် ဆက်လက်ပညာ သင်ယူခွင့် အခွင့်အလမ်းများ ပေးပြီး အောင်မြင်သူများကို တက္ကသိုလ်ပညာများ ဆက်လက်သင်ယူနိုင်ရန် ကျောင်းသား၊ ကျောင်းသူများ သိရှိနိုင်အောင် ချပြထားပါကြောင်း ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး က မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

အခြေခံပညာမူလတန်းအဆင့် ဆရာ၊ ဆရာမ များအတွက် KG, Grade- 1သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်သော ရှေ့ဦးအရွယ် ကလေးသူငယ် ပြုစုပျိုးထောင်ရေးဆိုင်ရာ အရည်အသွေး မြှင့်ဆွေးနွေးပွဲများကိုလည်း ပြည်နယ်အဆင့်၊ မြို့နယ်အဆင့်များတွင် ကျင်းပခဲ့ပါကြောင်း၊ အခြေခံပညာမူဆင့် ဆရာ၊ ဆရာမ များ အင်္ဂလိပ်စာ အရည်အသွေး မြှင့် သင်တန်းများကိုလည်း ပြည်နယ်အဆင့် ၊ မြို့နယ် အဆင့်များတွင် ဖွင့်လှစ် သင်ကြားပေးခဲ့ကြောင်း ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစိုင်းထိန်စိုး က မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *