တပ်မတော်အနေဖြင့် ပြည်သူလူထုအေးချမ်းစွာနေထိုင်နိုင်ရေးနှင့် ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် မြို့နယ်၊ ကျေးရွာ၊ ဒေသအချို့တို့၌ အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter-Terrorism Operation)များကို ဆောင်ရွက်ကာ ချင်းပြည်နယ်ရှိ ဖလမ်း၊ တီးတိန်နှင့် တွန်းဇံဒေသများကို အပြည့်အဝ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းကဏ္ဍများအလိုက် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့်အတူပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သည့် ဘိလပ်မြေ၊ သွပ်၊ သွပ်ရိုက်သံ အစရှိသည့် ဆောက်လုပ်ရေးလုပ်ငန်း သုံးပစ္စည်းများကို မန္တလေးမြို့မှလည်းကောင်း၊ မိမိအရပ်ဒေသသို့ ပြန်လည်ဝင်ရောက် နေထိုင်ကြမည့် ဒေသခံပြည်သူများအတွက် လူသုံးကုန်ပစ္စည်းများ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ ကျန်းမာရေးသုံးပစ္စည်းများကို နေပြည်တော်မှလည်းကောင်း မေ ၂၅ ရက်တွင် တပ်မတော်လေယာဉ်များဖြင့် ပို့ဆောင်ပေးခဲ့ရာ ကလေးမြို့သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ကလေးမြို့သို့ ရောက်ရှိနေသည့် ပြန်လည်ထူထောင်ရေး လုပ်ငန်းသုံး ပစ္စည်းများဖြစ်သည့် ဘိလပ်မြေ၊ သွပ်၊ သံများနှင့် လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ပေးအပ်သည့် လူသုံးကုန်ပစ္စည်းများကို မေ ၂၆ ရက်နံနက်ပိုင်းတွင် ကလေးမြို့မှ တစ်ဆင့် မော်တော်ယာဉ်များဖြင့် ဆက်လက်ပို့ဆောင်ရာ ညနေပိုင်းတွင် ဖလမ်းမြို့သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ မော်တော်ယာဉ်များဖြင့် ရောက်ရှိလာသည့် ကုန်ပစ္စည်းများအား သက်ဆိုင်ရာတာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး ဒေသခံပြည်သူများ၏ လက်ဝယ်အရောက် ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း၊ ပို့ဆောင်ရန်ကျန်ရှိသည့် မြို့များသို့လည်း ဆက်လက်ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်အစိုးရအနေဖြင့် ဒေသ၏ လိုအပ်ချက်အပေါ်မူတည်ပြီး ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
