ရွှေ‌ကုက္ကိုလ်နယ်မြေအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် တရားမဝင် လေးထပ်လူနေအဆောက်အအုံ သုံးလုံးအား ထပ်မံဖြိုချဖျက်ဆီး

မြန်မာနိုင်ငံအစိုးရအနေဖြင့် နိုင်ငံတော်နှင့် အများပြည်သူအကျိုးစီးပွားကို ထိခိုက်ပျက်စီးအောင် ဆောင်ရွက်လျက်ရှိသည့် အွန်လိုင်းလိမ်လည်လောင်းကစားမှုများကို အခြေချလုပ်ကိုင်ခဲ့ကြသော ရွှေကုက္ကိုလ် နယ်မြေနှင့် KK Park နယ်မြေများရှိ တရားမဝင်အဆောက်အအုံများအတွင်း အွန်လိုင်း လိမ်လည်လောင်းကစားလုပ်ငန်းများ လုပ်ကိုင်ခြင်းမရှိစေရေး ဝင်ရောက်ရှင်းလင်း၍ အွန်လိုင်းလိမ်လည်လောင်းကစားမှု လုပ်ငန်းစဉ်များတွင် အသုံးပြုခဲ့သည့် သိမ်းဆည်းရမိပစ္စည်းများအား ဖျက်ဆီးခြင်းနှင့် တရားမဝင်အဆောက်အအုံများအား ဖြိုချဖျက်ဆီးခြင်းများကို လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် ဒေသတွင်းတာဝန်ရှိသူများအပါအဝင် အဖွဲ့စုံပါဝင်သည့် ပူးပေါင်းအဖွဲ့ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ရွှေကုက္ကိုလ်နယ်မြေအတွင်း၌ အွန်လိုင်းလိမ်လည် လောင်းကစား လုပ်ငန်းလုပ်ကိုင်ရာတွင် အသုံးပြုသည့် အဆောက်အအုံ ၇၇ လုံး အနက် လေးထပ်လူနေအဆောက်အအုံ သုံးလုံးကို မေ ၂၆ ရက်တွင် ယာဉ်၊ ယန္တရားများအသုံးပြု၍ ထပ်မံဖြိုချဖျက်ဆီးခဲ့သဖြင့် စုစုပေါင်း အဆောက်အအုံ ခြောက်လုံးအား ဖြိုချဖျက်ဆီးပြီးဖြစ်ရာ ဖျက်ဆီးရန်ကျန် တရားမဝင်အဆောက်အအုံ ၇၁ လုံး ကျန်ရှိနေသေးကြောင်းနှင့် ၎င်းတို့အား ဆက်လက်၍ ဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရသည်။

နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းလိမ်လည် လောင်းကစားမှုကျူးလွန်မှုများကို အမျိုးသားရေးတာဝန်တစ်ရပ် အဖြစ်ခံယူကာ မြန်မာနိုင်ငံအတွင်း လုံးဝအခြေမပြုနိုင်ရေး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *