EAO အဖွဲ့အချို့နှင့် အောက်ခြေအဆင့်များ၌ ထိတွေ့မှုများ ဆောင်ရွက်နေပြီဖြစ်ကြောင်းနှင့် နိုင်ငံတော်အစိုးရအနေဖြင့် ထာဝရငြိမ်းချမ်းရေးရရှိရန် မည်သို့ပင် ဖိတ်ခေါ်ကမ်းလှမ်းသည်ဖြစ်စေ လက်နက်ကိုင်အဖွဲ့များအနေဖြင့် ယုံကြည်ချက်၊ ခံယူချက်ဖြင့် အမှန်တကယ်ငြိမ်းချမ်းရေးရယူလိုစိတ်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်လိုစိတ်ရှိရန် လိုအပ်ဟုဆို
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကိုရအောင် တည်ဆောက်မည်ဖြစ်ကြောင်း၊ ဖက်ဒရယ်ဟုဆိုရာတွင် နယ်မြေဒေသကိုပေးသည့်ဖက်ဒရယ်ဖြစ်ပြီး လူမျိုးကိုပေးသည့် ဖက်ဒရယ်မဟုတ်သည်ကို သိရှိနားလည်ရန်လိုကြောင်း နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ကပြောကြားသည်။
မေ ၂၆ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော်၊ ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး တွင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ထိုသို့ထည့်သွင်းပြောကြားခြင်းဖြစ်သည်။
အဆိုပါအစည်းအဝေးသို့ ဒုတိယသမ္မတများဖြစ်သည့် ဦးညိုစောနှင့် ဒေါ်နန်းနီနီအေး၊ ပြည်ထောင်စုဝန်ကြီးများနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့ တက်ရောက်ကြပြီး၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက Video Conferencing ဖြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။
မိမိတို့အနေဖြင့် အတိတ်တွင်ဖြစ်ပေါ်ခဲ့သည့် ဖြစ်စဉ်ဖြစ်ရပ်များအပေါ်တွင် သင်ခန်းစာယူ၍ နောင်အနာဂတ်တွင် ထိုကဲ့သို့သောဖြစ်ရပ်မျိုး ဖြစ်ပေါ်လာခြင်းမရှိစေရေး ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံရေးအရတည်ငြိမ်အေးချမ်းအောင်ဆောင်ရွက်ရမည်၊ စီးပွားရေးအရ အားကောင်းအောင်ဆောင်ရွက်ရမည်၊ လုံခြုံရေးအရ လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတကပြောကြားသည်။
ထို့ပြင် နိုင်ငံတကာဆက်ဆံရေးအနေဖြင့် ကောင်းမွန်မှုရှိစေရေး မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် နိုင်ငံတကာနှင့်ဆက်ဆံဆောင်ရွက်ရသည့်အခါ၌ မိမိတို့နိုင်ငံအတွက် အကျိုးရှိစေမည့် ပြောဆို ဆက်ဆံမှုများဖြစ်စေရန်လိုကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံရေးအရ ပါတီစုံဒီမိုကရေစီစနစ် ခိုင်ခိုင်မာမာဖြစ်စေရေးဆောင်ရွက်သွားမည်၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကိုရအောင် တည်ဆောက်မည်ဖြစ်ကြောင်း၊ ဖက်ဒရယ်ဟုဆိုရာတွင် နယ်မြေဒေသကိုပေးသည့်ဖက်ဒရယ်ဖြစ်ပြီး လူမျိုးကိုပေးသည့် ဖက်ဒရယ်မဟုတ်သည်ကိုလည်း သိရှိနားလည်နိုင်ကြရန်လိုကြောင်း၊ အမျိုးသားရေးတွင် တိုင်းပြည်သာယာဝပြောရေးကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုသို့ဆောင်ရွက်နိုင်ရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရေး၊ အမှန်တကယ်အလုပ် လုပ်ကိုင်နိုင်စေရေး၊ လုပ်တတ်ကိုင်တတ်စေရေး ဖန်တီးပေးနိုင်ရမည်ဖြစ်ကြောင်း၊ ဗဟိုအစိုးရမှ ဖန်တီးပေးရမည်များရှိသကဲ့သို့ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်မှ ဖော် ဆောင်ပေးရမည်များလည်းရှိကြောင်း၊ ထိုသို့ ဆောင်ရွက်ပေးနိုင်မှသာလျှင် ၎င်းတို့ အနေဖြင့် ဝင်ငွေကောင်းလာမည်ဖြစ်ပြီး လူမှုစီးပွားဘဝများ တိုးတက်လာမည်ဖြစ်ကာ နိုင်ငံတော်အစိုးရအပေါ်တွင်လည်း ယုံကြည်မှုရှိလာမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတကပြောကြားသည်။
ထို့အတူ လုံခြုံရေးပိုင်းဆိုင်ရာများနှင့်ပတ်သက်၍ မိမိတို့စတင်တာဝန်ယူခဲ့သည့်အချိန်တွင် ရက်ပေါင်း ၁၀၀ အတွင်း ငြိမ်းချမ်းရေးဆွေးနွေးခြင်းများကိုဆောင်ရွက်နိုင်ရေးအတွက် ဖိတ်ခေါ်ခဲ့ပြီး လက်ရှိအချိန်၌ EAO အဖွဲ့အချို့နှင့် အောက်ခြေအဆင့်များတွင် ထိတွေ့မှုများ ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ PDF များ အနေဖြင့် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲ၌ မဲမသမာမှုများကြောင့် ဖြစ်ပေါ် လာသည့် နိုင်ငံရေးဖြစ်စဉ်များအပေါ် ကျေနပ်လက်ခံနိုင်မှုမရှိခြင်းကြောင့် လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါအခြေအနေသို့ ရောက်ရှိလာခြင်းသည် မိမိတို့ နိုင်ငံ၏ ပညာရေးအားနည်းချက်ကိုအသုံးချ၍ ပြည်တွင်း၊ ပြည်ပမှ နိုင်ငံရေးသမားများက ၎င်းတို့၏အကျိုးအတွက် သွေးထိုးလှုံ့ဆော်၍ အသုံးချလုပ်ဆောင်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် နိုင်ငံတော်၏ပညာရေးကို မဖြစ်မနေ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရမည်ဟု အကြိမ်ပေါင်းများစွာ ပြောဆိုဆောင်ရွက်နေရခြင်းဖြစ်ကြောင်း၊ ပညာရေးဖွံ့ဖြိုးတိုးတက်လာစေ ရေးအတွက် တည်ငြိမ်အေးချမ်းမှုရှိ ရန်လည်း လိုအပ်မည်ဖြစ်သဖြင့် လာမည့် ငါးနှစ်တာကာလအတွင်း ထာဝရငြိမ်းချမ်းရေးရရှိရန်အတွက် မျှော်မှန်းချက်ထား၍ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ထာဝရငြိမ်းချမ်းရေး ရရှိရန်အတွက် မည်ကဲ့သို့ပင် ဖိတ်ခေါ်ကမ်းလှမ်း နေသည်ဖြစ်စေ လက်နက်ကိုင်အဖွဲ့များအနေဖြင့် ယုံကြည်ချက်၊ ခံယူချက်ရှိစွာဖြင့် အမှန်တကယ်ငြိမ်းချမ်းရေးရယူလိုစိတ်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အတူတကွ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်လိုစိတ်ရှိရန်လည်း လိုအပ်မည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် နိုင်ငံရေးအရ၊ လုံခြုံရေးအရ၊ စီးပွားရေးအရ အားနည်းချက်များ ဖြစ်ပေါ်လျက်ရှိသည်ကို အလေးထား၍ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်တွင် ကြုံတွေ့ ဖြတ်သန်းခဲ့ရသည့် သမိုင်းကြောင်းဆိုင်ရာများ၊ ခေတ်စနစ် အတွေ့အကြုံများအပေါ်တွင် သင်ခန်းစာယူ၍ မိမိတို့အစိုးရအနေဖြင့် ကောင်းမွန်သည့် ဦးဆောင်မှုများဖြင့် နိုင်ငံရေးအား၊ စီးပွားရေးအား၊ ကာကွယ်ရေးအားများ တိုးတက်လာစေရန်၊ နိုင်ငံတကာ မျက်နှာစာတွင် နိုင်ငံဂုဏ်သိက္ခာကို မြှင့်တင်သွား နိုင်ရန် ကြိုးပမ်းဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့်လည်း နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးနှင့်ပတ်သက်လာပါက အမြင်ကျယ်စွာဖြင့် ကျယ်ကျယ် ပြန့်ပြန့်တွေးခေါ် ဆောင်ရွက်ကြရန် အလေးထားမှာကြားလိုကြောင်း နိုင်ငံတော်သမ္မတကပြောကြားသည်။
နိုင်ငံတော်သမ္မတက မိမိတို့အနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးလျက်ရှိပြီး ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) တွင်လည်း ဗဟိုအစိုးရ၏ လုပ်ပိုင်ခွင့်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လုပ်ပိုင်ခွင့်များကိုပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ ဥပဒေပြဋ္ဌာန်းခြင်းဆိုင်ရာများအရ တိုင်းဒေသကြီးနှင့်ပြည်နယ်များအလိုက်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများအလိုက် ဆောင်ရွက်ရန်ကျန်ရှိသည့်ကိစ္စရပ်များကို ဆောင်ရွက်ရန်လိုပြီး ယခု ခြောက်လလအတွင်း တိုးတက်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ပြည်ထောင်စုနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် သဟဇာတဖြစ်ရန်လိုပြီး ပြီးမြောက်အောင်မြင်တိုးတက်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ ပြည်ထောင်စုအဆင့်အနေဖြင့် ကိုယ်တိုင်အကောင်အထည်ဖော်ဆောင်ရသည်မဟုတ်သော်လည်း မည်ကဲ့သို့ဆောင်ရွက်ရမည်ကို နည်းလမ်းပြပေးခြင်း၊ စီမံကြီးကြပ်ခြင်းတို့ဖြင့် ဆောင်ရွက်သွားနိုင်ကြောင်း ပြောကြားသည်။
ယင်းအပြင် နိုင်ငံတော်သမ္မတက မိမိတို့အစိုးရအနေဖြင့် နိုင်ငံတော်တာဝန်ကိုထမ်းဆောင်ခဲ့သည်မှာ တစ်လခွဲကာလသို့ ရောက်ရှိခဲ့ပြီ ဖြစ်ကြောင်း၊ နိုင်ငံတော်တွင်ဖြစ်ပေါ်ကြုံတွေ့ခဲ့ရသည့် သမိုင်းကြောင်းများကို ပြန်လည် သုံးသပ်ကြည့်ရမည်ဆိုပါက လွတ်လပ်ရေးရရှိပြီးချိန်မှ ယနေ့အထိ ပြည်တွင်းနိုင်ငံရေး အခြေအနေများ၊ နိုင်ငံတကာဆက်ဆံရေးအခြေအနေများနှင့် ချိန်ထိုးသုံးသပ်ရမည်ဖြစ် ကြောင်း၊ လွတ်လပ်ရေးရရှိပြီးချိန်တွင် ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများ၊ မတည် ငြိမ်မှုများနှင့် ပြည်ပကျူးကျော်မှုများကိုလည်း ဖြေရှင်းဆောင်ရွက်ခဲ့ရကြောင်း၊ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအားနည်းချက်ကြောင့် ပြည်နယ်များခွဲထွက်ခွင့်များဖြစ်ပေါ်လာရာမှ နိုင်ငံရေးပဋိပက္ခများပိုမိုကြီးမားလာခဲ့ခြင်း၊ အာဏာရပါတီအတွင်း အုပ်စုကွဲခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ထိုအချိန်တွင် နိုင်ငံရေးအရ တည်ငြိမ်မှု၊ လုံခြုံရေး အရတည်ငြိမ်မှုများမရှိခဲ့ကြောင်း၊ ၁၉၅၈ ခုနှစ်တွင် အိမ်စောင့်အစိုးရက တာဝန်ယူခဲ့ပြီး ၁၉၆၂ ခုနှစ်တွင် တော်လှန်ရေးကောင်စီက နိုင်ငံ့တာဝန်ကို ထမ်းဆောင် ခဲ့ရကြောင်း၊ ယင်းအချိန်တွင် နိုင်ငံရေးဦးဆောင်သူများ၊ လူငယ်များ၊ တပ်မတော်မှ တာဝန်ရှိသူများအားလုံးတွင် ဆိုရှယ်လစ်နှင့် ပတ်သက်သည့်အသိများရှိထားကြသည့် အချိန်ဖြစ်ပြီး ဒီမိုကရေစီစနစ်၊ အရင်းရှင်စနစ်၊ လစ်ဘရယ်စနစ်တို့နှင့် ဆိုရှယ်လစ်စနစ်တို့ အားပြိုင်နေသည့်အခြေအနေဖြစ်ကြောင်း၊ ထို့နောက် ဒီမိုကရေစီစနစ်၊ အရင်းရှင်စနစ်၊ လစ်ဘရယ်စနစ်ကို ကြိုက်သည့်သူများအနေဖြင့် နိုင်ငံရေး ထွက်ပေါက်မရှိသဖြင့် ဆူပူဆန္ဒပြမှုများဖြစ်ပေါ်လာခဲ့ကြောင်း၊ အာဏာရပါတီအတွင်း၌လည်း စီးပွားရေးနှင့်ပတ်သက်၍ သဘောထားကွဲလွဲမှုများဖြစ်ပေါ်ခဲ့ပြီး တစ်ချိန်တည်းတွင် တိုင်းရင်းသား လက်နက်ကိုင်ပဋိပက္ခများလည်း ပိုမိုကြီးထွားလာခဲ့ကြောင်း ပြောကြားသည်။
ထိုသို့အချိန်တွင် နိုင်ငံတကာဆက်ဆံရေးနှင့်ပတ်သက်၍ ကုလသမဂ္ဂနှင့်ဆက်ဆံရေးတွင် ကောင်းမွန်ခဲ့သည်ကိုတွေ့ရပြီး ကုလသမဂ္ဂတွင်တာဝန်ထမ်းဆောင်ခဲ့သည့် ခေါင်းဆောင်များလည်း ပေါ်ပေါက်လာခဲ့ကြောင်း၊ သို့သော် တရုတ်ဖြူကျူးကျော်မှု ဖြစ်ပွားချိန်တွင် အဆင်မပြေမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ SEATO အဖွဲ့ပေါ်ပေါက်လာချိန်တွင် ပြည်ထောင်စုကြီးမှခွဲထွက်လိုသည့် တိုင်းရင်းသားအဖွဲ့များအနေဖြင့်လည်း အဆိုပါအဖွဲ့နှင့် ဆက်သွယ်ဆောင်ရွက်ခဲ့ကြပြီး နိုင်ငံတကာဆက်ဆံရေးနှင့် ပတ်သက်၍ ဖိအားများရှိခဲ့ကြောင်း၊ မိမိတို့နိုင်ငံ၌ ဆိုရှယ်လစ်စနစ်ကို မကျင့်သုံးနိုင်စေရေး အနှောင့်အယှက်ပေးမှုများရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဆိုရှယ်လစ်စနစ်ကိုကျင့်သုံးရာတွင် မြန်မာ့နည်းမြန်မာ့ဟန်ဖြင့် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်စနစ်ကို ဖော်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုအချိန်တွင် ကမ္ဘာပေါ်၌ နိုင်ငံရေးလမ်းစဉ်များနှင့် ပတ်သက်၍ အားပြိုင်မှုများပြင်းထန်နေသည့်အချိန်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတကပြောကြားသည်။
ထို့နောက် ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းရန်ဆောင်ရွက်ချိန်တွင် NGO ၊ INGO များ မိမိတို့နိုင်ငံအတွင်းသို့ ဝင်ရောက်လာခဲ့ပြီး ပြည်ပနိုင်ငံများမှ အထောက်အပံ့များရယူခဲ့ကြောင်း၊ ထိုအချိန်တွင် ဒီမိုကရေစီစနစ်ကိုလိုလားသည့် နိုင်ငံများက မိမိတို့နိုင်ငံကို ကူညီဆောင်ရွက်ခဲ့ကြောင်း၊ ထိုအချိန်ကတည်းက မိမိတို့နိုင်ငံသည် ပညာရေးအရ အားနည်းချက်များရှိခဲ့သည်ကို ၁၉၇၃ ခုနှစ်နှင့် ၁၉၈၃ ခုနှစ်တို့တွင် ကောက်ယူခဲ့သည့် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများအရ တွေ့ရှိနိုင်ကြောင်း၊ အဆိုပါအားနည်းချက်ပေါ်တွင် အခွင့်ကောင်း ယူ၍ NGO ၊ INGO အဖွဲ့ အစည်းများက အစိုးရအပေါ်မကောင်းမြင်စေရန်နှင့် အစိုးရအပေါ် ဆန့်ကျင်စေရန်အတွက် သွေးထိုးလှုံ့ဆော်မှုများကို လုပ်ဆောင်ခဲ့ကြောင်း၊ ဖွံ့ဖြိုးမှုအားနည်းမှုကြောင့် ပြည်ပအကူအညီများရရှိရန် LDC နိုင်ငံအဖြစ်သို့ လျှောက်ထားခဲ့မှုအပေါ် နိုင်ငံတော်အပေါ် ယုံကြည်မှုအားနည်းစေခဲ့ကြောင်း၊ ထို့ကြောင့် ၁၉၈၈ ခုနှစ်တွင် နိုင်ငံ့စီးပွားရေးမှာ ကျဆင်းလာခြင်း၊ စီမံခန့်ခွဲမှု လွဲမှားမှုများဖြစ်ပေါ်ခြင်း၊ ပြည်သူလူထု၏ လူမှုစီးပွားဘဝ အခက်အခဲများဖြစ်ပေါ်ခဲ့ရပြီး ငွေစက္ကူတရားမဝင်ကြေညာမှုများ ဖြစ်ပေါ်ခြင်းတို့ကြောင့် အရေးအခင်းဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်ကိုတွေ့ရှိရကြောင်း၊အဆိုပါအချိန်တွင် မိမိတို့နိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင်မဖြစ်သေးကြောင်း၊ မိမိတို့နိုင်ငံအပေါ် အချို့အင်အားကြီးနိုင်ငံများက ၎င်းတို့အလိုကျဖြစ်အောင် ဆောင်ရွက်ခဲ့သည်များလည်းရှိသည်ကို လေ့လာတွေ့ရှိနိုင်ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် ကုလသမဂ္ဂညီလာခံပုံမှန် တက်ရောက်ခဲ့သော်လည်း နိုင်ငံတကာရေးရာနှင့် ကုလသမဂ္ဂနယ်ပယ်များတွင် ပါဝင်မှုနည်းပါးခဲ့သည်ကို တွေ့ရှိနိုင်ကြောင်း၊ ယင်းကာလကတွင် စီးပွားရေးကျဆင်းခြင်း၊ ပြည်တွင်းတည်ငြိမ်အေးချမ်းမှုမရှိခြင်းကြောင့် နိုင်ငံတကာမှ အထင်အမြင်သေးမှုများဖြစ်ပေါ်ခဲ့ကြောင်း၊ နိုင်ငံ၏ GDP မှာလည်း များစွာနည်းပါးခဲ့ပြီး ကုန်ထုတ်လုပ်မှုများလည်း များစွာနည်းပါးခဲ့ကြောင်းနှင့် သယံဇာတများထုတ်ယူရောင်းပြီး တိုင်းပြည်စီးပွားရေးကို ဆောင်ရွက်ခဲ့သည်ကို တွေ့ရကြောင်း နိုင်ငံတော်သမ္မတက ပြောကြားသည်။
ထို့ပြင် နိုင်ငံရေးအရ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရန် နဝတခေတ်တွင် အမျိုးသားညီလာခံကို ကျင်းပပြုလုပ်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ရပ်ဆိုင်းခဲ့ရကြောင်း၊ နယကခေတ်တွင် အမျိုးသားညီလာခံကို ပြန်လည်ကျင်းပပြီး ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်း ပေါ်တွင် လျှောက်လှမ်းနိုင်ရေး စတင်ဆောင်ရွက်ခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် ၁၉၈၈ ခုနှစ်တွင် နိုင်ငံတော်တာဝန်ကိုထမ်းဆောင်ခဲ့ပြီး ၁၉၈၉ ခုနှစ်တွင် ပြည်တွင်းငြိမ်းချမ်းရေးကိုဆောင်ရွက်ခဲ့ကာ နှစ်ဘက်သဘောတူညီ ချက်ဖြင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကိုဆောင်ရွက်ခဲ့ကြောင်း၊ ထိုအချိန်သည် နိုင်ငံရေးအရ၊ စီးပွားရေးအရ အဘက်ဘက်မှ ကျပ်တည်းခဲ့သည့်ကာလဖြစ်ကြောင်း၊ ထို့နောက် ပါတီစုံဒီမိုကရေစီလမ်းကြောင်းသို့ လျှောက်လှမ်းနိုင်ရေး စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ကျင်းပကာ တပ်မတော်အနေဖြင့် နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ တင်ပေးခဲ့ကြောင်း၊ ၂၀၁၁ ခုနှစ်တွင် သမ္မတဦးသိန်းစိန် ဦးဆောင်သည့် ဒီမိုကရေစီ ပထမအစိုးရသက်တမ်းကာလတွင် အစိုးရအနေဖြင့် ဒီမိုကရေစီနှင့်အသားကျနိုင်ရေးလိုအပ်သည့်ပြုပြင် ပြောင်းလဲမှုများကို ဆောင်ရွက်ခဲ့ကြောင်း၊ ထိုသို့ ဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းချိန် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း၊ ယင်းအချိန်တွင် နိုင်ငံရေးအရ ရွေးကောက်ပွဲဥပဒေကို ပြင်ဆင် ဆောင်ရွက်ပေးခဲ့သည့်အတွက် NLD ပါတီအနေဖြင့် နိုင်ငံရေးတွင်ပါဝင်လာခဲ့ကြောင်း၊ နိုင်ငံတော်ကို ခြယ်လှယ်ချုပ်ကိုင်လိုသည့် အနောက်အင်အားကြီး နိုင်ငံများနှင့် အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော်တွင် တည်ငြိမ်မှုမရှိစေရေး အတိတ်ဖြစ်ရပ်များဖြင့် ပြန်လည်လှုံ့ဆော်၍ ၎င်းတို့လိုသလို ပုံသွင်းနိုင်မည့် အစိုးရတစ်ရပ်ပေါ်ပေါက်လာရေး ဦးတည်ဆောင်ရွက်ခဲ့ကြောင်း၊ ထိုအချိန်တွင် NGO ၊ INGO အဖွဲ့များအနေဖြင့် နိုင်ငံရေးတွင်ပါဝင်ပတ်သက်လာခဲ့ပြီး မိမိတို့နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခဲ့သည်ကိုတွေ့ရကြောင်း၊ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ပြည်ပနိုင်ငံများမှ ကောက်ပွဲကာလတွင်လည်း ၎င်းတို့၏ သဘောဆန္ဒများကို ဖော်ဆောင်ပေးနိုင်သည့်ပါတီကို နည်းလမ်းပေါင်းစုံဖြင့် ကူညီထောက်ပံ့ပေးခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ် မိမိတို့ တာဝန်ယူချိန်တွင် NGO ၊ INGO အဖွဲ့များအနေဖြင့် တိုင်းရင်းသားအဖွဲ့အစည်းများနှင့်ပတ်သက်၍ ပါဝင်လာခဲ့မှုများ ရှိကြောင်း၊ ယခုကဲ့သို့ မိမိတို့နိုင်ငံ၏ သမိုင်းကြောင်းကို ရှင်းလင်းပြောကြားရခြင်းသည် မိမိတို့နိုင်ငံဖြတ်သန်းခဲ့သည့် ဖြစ်စဉ်များတွင်ရင်ဆိုင်နေရသည့် ပြဿနာများကို ပြောကြားခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်တွင် ဖြတ်သန်းခဲ့ရသည့် သမိုင်းကြောင်းများကို ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ အနေဖြင့် သတိချပ်ကြစေလိုကြောင်း နိုင်ငံတော်သမ္မတကပြောကြားသည်။
