UID စာရွက်များ ပျောက်ဆုံး၊ ပျက်စီးသဖြင့် ပွဲစားများ၊ ကြားခံလူများမှ တစ်ဆင့်ပြုလုပ်ပါက အတုအပပြသာနာများ ကြုံတွေ့ကာ လုံခြုံရေးဆိုင်ရာပြသာနာများ ဖြစ်ပေါ်နိုင်သည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ထုတ်ပြန်သည်။
UID စာရွက်များ ပျောက်ဆုံးခြင်း သို့မဟုတ် ပျက်စီးခြင်းများ ဖြစ်ပေါ်ပါက စိုးရိမ်ပူပန်မှုမရှိဘဲ နီးစပ်ရာ လဝက မြို့နယ်ဦးစီးမှူး ရုံးများသို့ လူကိုယ်တိုင်သွားရောက်၍ Biometic အချက်အလက်ဖြင့် စနစ်တကျ ပြန်လည်ထုတ်ယူ နိုင်မည်ဖြစ်ကြောင်း၊ ပြည်သူများ၏ လုံခြုံရေးနှင့် မှန်ကန်သောအချက်အလက်များ ရရှိရေးအတွက် အထူးအလေးထား ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း၊ ပွဲစားများနှင့် ကြားခံလူများမှတစ်ဆင့် ဆောင်ရွက်ခြင်းသည် မလိုအပ်ဘဲ အချိန်ကုန်ခြင်း၊ ငွေကြေးကုန်ကျမှုရှိခြင်း၊ UID အတုအပပြဿ နာများကြုံတွေ့နိုင်သည့်အပြင် လုံခြုံရေးဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်နိုင်ခြင်းတို့ကြောင့် ကာယကံရှင်ကိုယ်တိုင်သာ သွားရောက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်သည်။
UID စာရွက် ပြန်လည်ထုတ်ပေးရာတွင် အရေးကြီးဆုံးအချက်မှာ ကာယကံရှင် အစစ်အမှန်ထံသို့သာ ပြန်လည်ထုတ်ပေးရေးဖြစ်ကြောင်း၊ ထိုသို့ ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်ဦးစီးမှူးရုံးများရှိ Biometic Enrollment and Verification စနစ်တွင် ကာ ယကံရှင်၏ Biometic အချက်အလက် (မျက်နှာ၊ လက်ဗွေ၊ မျက်စိသူငယ်အိမ်) ဖြင့်တိုက်ဆိုင်စစ်ဆေးပြီးမှသာ ပြန်လည်ထုတ်ပေးမည်ဖြစ်သည်ဟု သိရသည်။
ဇီဝအချက်အလက်များကို ပေးသွင်း၍ e-ID စနစ်အတွင်းရှိ မူလအချက်အလက်များနှင့် တိုက်ဆိုင်စစ်ဆေးမှုခံယူရမည်ဖြစ်ပြီး e-ID စနစ်မှ ကာယကံရှင် အစစ်အမှန်ဖြစ်ကြောင်း အတည်ပြုပြီးပါက UID စာရွက်အသစ် (Repint)ကို ကြားခံလူများလက်သို့ မရောက်စေဘဲ ကာယကံရှင်၏ လက်ဝယ်သို့သာ တိုက်ရိုက်ထုတ်ပေးမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
