လူကူးမျဉ်းကြား၊ ဂုံးကျော်တံတားနှင့် မြေအောက်လမ်းမှ မကူးသူများကို မေ ၁၄ ရက်မှစ၍ ဒဏ်ငွေ သုံးသောင်း ချမှတ်အရေးယူမည်

လူကူးမျဉ်းကြား၊ ဂုံးကျော်တံတားနှင့် မြေအောက်လမ်းမှ မကူးသူများကို မေ ၁၄ ရက်မှစ၍ ဒဏ်ငွေ သုံးသောင်း ချမှတ်အရေးယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) မှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီ၏ ညွှန်ကြားချက်ဖြင့် လူကူးမျဉ်းကြား၊ မြေအောက်လမ်း၊ ဂုံးကျော်တံတားများမှ စနစ်တကျအသုံးပြုရေးကမ်ပိန်းကို မေ ၈ ရက်မှစ၍ ခုနစ်ရက် ပြုလုပ်နေကြောင်း သိရသည်။

လမ်းအသုံးပြုသူ ပြည်သူများ အန္တရာယ်ကင်းစေရန် ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့်အညီ လူကူးမျဉ်းကြား၊ မြေအောက်လမ်း၊ ဂုံးကျော်တံတားများ အသုံးပြုရန်အတွက် ယင်းကမ်ပိန်းကို ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

“ကမ်းပိန်းလုပ်ရတာကတော့ လမ်းသွားလမ်းလာ ခရီးသွားပြည်သူများ အန္တရာယ်ကင်းဖို့အတွက် ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ လမ်းအသုံးပြုသူများအနေဖြင့် အန္တရာယ်မဖြစ်အောင် အသက်မဆုံးရအောင် သတ်မှတ်ထားတဲ့ ဂုံးကျော်တံတားတို့၊ မြေအောက်လမ်းတို့၊ လူကူးမျဉ်းကြားတို့မှာ ကူးဖို့အတွက် ဒီလိုကမ်ပိန်းလုပ်ရခြင်းဖြစ်ပါတယ်။ ကမ်ပိန်းမှာ ရန်ကုန်တိုင်းဒေသကြီး ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးကောင်စီရဲ့ ညွှန်ကြားချက်အရ ပူးပေါင်းဆောင်ရွက်တာ ဖြစ်ပါတယ်။ ကမ်ပိန်း ခုနစ်ရက်လုပ်ပြီးသွားရင် မေ ၁၄ ရက်ကနေစပြီးတော့ လူကူးမျဉ်းကြားက မကူးတာ‌တွေ၊ ဂုံးကျော်တံတားက မကူးတာတွေ၊ မြေအောက်လမ်းက မကူးတဲ့သူတွေကို ယာဉ်စည်းကမ်း လမ်းစည်းကမ်းနှင့်အညီ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ လမ်းဖြတ်ကူးရင် လူကူးမျဉ်းကြား၊ မြေအောက်လမ်း၊ ဂုံးကျော်တံတား သတ်မှတ်တဲ့နေရာတွေကနေ သွားလာဖို့အတွက် ဒီလိုမျိုးဆောင်ရွက်တာဖြစ်ပါတယ်” ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မာန်က ပြောကြားသည်။

လမ်းအသုံးပြသူများအနေဖြင့် ယာဉ်အန္တရာယ်ကင်းရှင်းရေးနဲ့ မော်တော်ယာဉ်စီမံခန့်ခွဲမှု နည်းဥပဒေများကို မလိုက်နာပါက ဥပဒေတွင် ကျပ် သုံးသောင်းထက်မပိုသော ငွေဒဏ်ကို ချမှတ်ထားကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အနောက်ပိုင်းခရိုင်ဦးစီးမှူး ဒေါ်သီရိဆွေက ပြောကြားသည်။

“လမ်းအသုံးပြသူများအနေနဲ့ ယာဉ်အန္တရာယ်ကင်းရှင်းရေးနဲ့ မော်တော်ယာဉ်စီမံခန့်ခွဲမှု နည်းဥပဒေများ ၃၂၇ အရ ခြေလျင်လျှောက်သူ လမ်းအသုံးပြုသူများအနေနဲ့ လမ်းကူးတဲ့အခါ လူကူးမျဉ်းကြားက ကူးဖို့ ဂုံးကျော်တံတားက ကူးဖို့၊ မြေအောက်လမ်းက ကူးဖို့ ပြဌာန်းထားပါတယ်။ ယာဉ်အန္တရာယ်ကင်းရှင်းရေးနဲ့ မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေ ၂၀၂၀ ပြည်နှစ် ပုဒ်မ ၉၆ အရ မည်သူမဆို နည်းဥပဒေစည်းမျဉ်းနဲ့ အမိန့်တို့ကို ဖောက်ဖျက်ကျူးလွန်ပြီး လိုက်နာပျက်ကွက်လျှင် ကျပ် သုံးသောင်းထက်မပိုသော ငွေဒဏ်ကို ချမှတ်ထားပါတယ်” ဟု ၎င်းက ပြောကြားသည်။

အဆိုပါ ကမ်းပိန်းပညာပေးကာလ ပြီးဆုံးသွားလျှင် မလိုက်နာသူများကို သတ်မှတ်ထားသည့် နည်းဥပဒေများဖြင့် ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *