ရှေ့အလယ်ပိုင်း ပဋိပက္ခ အခြေအနေများသည် ကမ္ဘာ့ဆာလ်ဖျူရစ်အက်ဆစ် ထောက်ပံ့မှုအပေါ် ဆိုးကျိုးများ သက်ရောက်စေပြီး ဈေးနှုန်းများ မြင့်တက်လာစေရန် အကြောင်းရင်းဖြစ်စေကြောင်း The Wall Street Journal က ဖော်ပြခဲ့သည်။
အမေရိကန်အခြေစိုက် အဆိုပါသတင်းစာ၏ ဖော်ပြချက်အရ ဆာလ်ဖျူရစ်အက်ဆစ်ကို ဖော့စဖိတ်မြေသြဇာများ ထုတ်လုပ်ရန်၊ ကျောက်ဆောင်များထဲမှ ကြေးနီနှင့် အခြားသတ္တုများကို ခွဲထုတ်ရန်၊ သစ်ပျော့ဖတ်ပြုလုပ်ရန်၊ သံမဏိသန့်စင်ရန်၊ သားရေနယ်ရန်နှင့် ရော်ဘာကျိုရန်တို့တွင် အသုံးပြုကြကြောင်း သိရသည်။
“ကမ္ဘာပေါ်ရှိ ဆာလ်ဖာ (ကန့်) အများစုမှာ ပါရှန်းကွေ့ရှိ ရေနံချက်စက်ရုံများနှင့် သဘာဝဓာတ်ငွေ့စက်ရုံများမှ ထွက်ရှိခြင်းဖြစ်ပြီး လက်ရှိတွင် ဟော်မုဇ်ရေလက်ကြား၌ ပိတ်ဆို့မှုများနှင့် ရင်ဆိုင်နေရသည်” ဟုလည်း အဆိုပါသတင်းစာက ဆက်လက်ဖော်ပြထားသည်။
ယခုပြဿနာကို ပိုမိုဆိုးရွားစေသည့် အခြားအချက်တစ်ချက်မှာ တရုတ်နိုင်ငံက ဆာလ်ဖျူရစ်အက်ဆစ် တင်ပို့မှုအပေါ် ကန့်သတ်ချက်များ ချမှတ်လိုက်သည့် ဆုံးဖြတ်ချက်ပင် ဖြစ်သည်။
ဆာလ်ဖာဈေးကွက် ကျွမ်းကျင်သူတစ်ဦးဖြစ်သူ Acuity Commodities မှ ဒါရို-က်တာ Freda Gordon ကို ကိုးကား၍ WSJ က ဖော်ပြရာတွင် “မြေသြဇာဈေးကွက်နှင့် စားနပ်ရိက္ခာထောက်ပံ့မှုအပေါ် ခြိမ်းခြောက်မှုများရှိလာခြင်းကြောင့် ကမ္ဘာ့အကြီးဆုံး ဆာလ်ဖာထုတ်လုပ်သည့် တရုတ်နိုင်ငံအနေဖြင့် ယခုလအတွင်း တင်ပို့မှုများကို ကန့်သတ်လိုက်ရပြီး၊ ယင်းက ဈေးနှုန်းများကို ပိုမိုမြင့်တက်စေကာ ရရှိနိုင်မှုကိုလည်း ပိုမိုခက်ခဲသွားစေသည်”ဟု ဆိုသည်။
အမေရိကန်နှင့် အစ္စရေးတို့သည် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် အီရန်အပေါ် စစ်ရေးအရ စတင်တို-က်ခိုက်ခဲ့သည်။ ထိုအခါ တီဟီရန် (အီရန်အစိုးရ) က အမေရိကန်၊ အစ္စရေးနှင့် အီရန်အပေါ် ကျူးကျော်မှုကို ထောက်ခံသည့် နိုင်ငံများနှင့် ဆက်နွှယ်သော သင်္ဘောများကို ဟော်မုဇ်ရေလက်ကြားမှ ဖြတ်သန်းခွင့် ပိတ်ပင်လိုက်သည်။ ဧပြီလ ၇ ရက်နေ့တွင် ဝါရှင်တန်က အီရန်နှင့် နှစ်ဖက်အပြန်အလှန် နှစ်ပတ်ကြာ အပ-စ်အခတ်ရပ်စဲရေးကို ကြေညာခဲ့သည်။
ဧပြီလ ၁၁ ရက်နေ့တွင် ပါကစ္စတန်နိုင်ငံ အစ္စလာမ္မာဘတ်မြို့၌ နှစ်ဖက်အဖွဲ့များ ဆွေးနွေးပွဲ အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြသော်လည်း အီရန်နှင့် ဝါရှင်တန် နှစ်ဖက်စလုံး၏ အဆိုအရ သဘောထားကွဲလွဲမှုများစွာ ရှိနေသောကြောင့် ရေရှည်ငြိမ်းချမ်းရေး သဘောတူညီချက်ကို မရရှိနိုင်ခဲ့ကြပေ။
ဧပြီလ ၂၁ ရက်နေ့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က သက်တမ်းကုန်ဆုံးတော့မည့် အီရန်နှင့် အပစ်အခတ်ရပ်စဲရေးကို ထပ်မံတိုးမြှင့်ရန် ရည်ရွယ်ကြောင်း ကြေညာခဲ့သည်။ သို့သော်လည်း အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြားက ဝါရှင်တန်၏ တစ်ဖက်သတ် အပစ်ရပ်သက်တမ်းတိုးမှုကို အသိအမှတ်ပြုရန် အစီအစဉ်မရှိကြောင်းနှင့် မိမိတို့နိုင်ငံ၏ အကျိုးစီးပွားအတိုင်းသာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နောက်ပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
