အီရန်အနေဖြင့် ဆိုးဆိုးရွားရွား ပြုမူဆောင်ရွက်လာပါက တိုက်ခိုက်မှုများ ပြန်လည်စတင်နိုင်ကြောင်း ထရန့် ပြောကြား

အီရန်နိုင်ငံနှင့် သဘောတူညီချက်ရယူမည့် အယူအဆပိုင်းဆိုင်ရာနှင့် ပတ်သက်၍ မိမိအား အသိပေးထားပြီးဖြစ်သော်လည်း တိကျသော စကားရပ်များပါဝင်သည့် အချက်အလက်ကို စောင့်ဆိုင်းနေကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မေ ၂  ရက်တွင် ပြောကြားခဲ့သည်။

ထို့ပြင် အီရန်အစိုးရအနေဖြင့်  ဆိုးဆိုးရွားရွား ပြုမူဆောင်ရွက်လာပါက အီရန်နိုင်ငံအပေါ် တိုက်ခိုက်မှုများ ပြန်လည်စတင်နိုင်သည့် အခြေအနေရှိကြောင်းလည်း ၎င်းက သတိပေးခဲ့သည်။

အီရန်အဆင့်မြင့်အရာရှိတစ်ဦးက မေ ၂ ရက်တွင် ပြောကြားရာ၌ ထရန့်ဘက်မှ ပယ်ချထားဆဲဖြစ်သော အီရန်၏ အဆိုပြုချက်တွင် ဟော်မုဇ်ရေလက်ကြားအတွင်း သင်္ဘောများ သွားလာမှုကို ခွင့်ပြုရန်နှင့် အီ ရန်အပေါ် အမေရိကန်၏ ပိတ်ဆို့မှုများကို ရပ်တန့်ရန် ပါဝင်ပြီး၊ အီရန်၏ နျူကလီးယားအစီအစဉ်နှင့် ပတ်သက်သည့် ဆွေးနွေးမှုများကိုမူ နောက်မှသာ ဆောင်ရွက်ရန် ဖော်ပြထားသည်ဟု ဆိုသည်။

ဖလော်ရီဒါပြည်နယ်မှ မိုင်ယာမီသို့ ပျံသန်းမည့် လေယာဉ်ပေါ်သို့ မတက်မီ အီရန်၏ အဆိုပြုချက်နှင့် ပတ်သက်၍ မေးမြန်းရာတွင် ထရန့်က “ဒီသဘောတူညီချက်ရဲ့ အယူအဆပိုင်းကို ကျွန်တော့်ကို ပြောပြထားပါ တယ်။ အခုသူတို့က ကျွန်တော့်ကို တိကျတဲ့ အချက်အလက်တွေကို ပေးပါလိမ့်မယ်” ဟု ပြန်လည် ဖြေကြားခဲ့သည်။

အီရန်ဘက်မှ တင်ပြလာသည့် အဆိုပြုချက်များသည် လက်ခံနိုင်ဖွယ်ရှိမည်ဟု မိမိအနေဖြင့် မထင်မိကြောင်းနှင့် အီရန်သည် ၎င်းတို့ လုပ်ဆောင်ခဲ့သမျှအတွက် ထိုက်တန်သည့် ပေးဆပ်မှုမျိုး မလုပ်ဆောင်ရသေးကြောင်း ထရမ့်က သူ၏ လူမှုကွန်ရက်စာမျက်နှာတွင် ထပ်မံရေးသားခဲ့သည်။

အီရန်အပေါ် တိုက်ခိုက်မှုများ ပြန်လည် စတင်နိုင်ခြေ ရှိ၊ မရှိ မေးမြန်းရာတွင် ထရန့်က “အဲဒါကိုတော့ ကျွန်တော် မပြောလိုပါဘူး။ ဆိုလိုတာက သတင်းထောက်တစ်ယောက်ကို ဒါမျိုး ထုတ်ပြောလို့မရဘူးလေ။ တကယ်လို့ သူတို့ဘက်က လွဲမှားတာတွေ လုပ်လာမယ်၊ မကောင်းတာတစ်ခုခု လုပ်မယ်ဆိုရင်တော့ ကျွန်တော်တို့ ဘာဆက်လုပ်မလဲဆိုတာ စောင့်ကြည့်ရမှာပေါ့။ ဒါပေမဲ့ အဲဒီလိုမျိုး (တိုက်ခိုက်တာမျိုး) ဖြစ်လာနိုင်တဲ့ အလားအလာတော့ ရှိပါတယ်”ဟု ပြန်လည်ဖြေကြားခဲ့သည်။

အီရန်အနေဖြင့် နျူကလီးယားလက်နက် လုံးဝပိုင်ဆိုင်ခွင့်မရှိစေရဟု ထရန့်က အကြိမ်ကြိမ် ပြောကြားခဲ့ပြီး၊ အီရန်၏ နောက်ဆုံးအဆိုပြုချက်အပေါ် မိမိအနေဖြင့် ကျေနပ်မှုမရှိကြောင်း မေ ၁ ရက်တွင် ပြောကြားခဲ့သည်။

တစ်ဖက်တွင်လည်း အီရန်နိုင်ငံခြားရေးဝန်ကြီးကမူ အကယ်၍ အမေရိကန်ဘက်က ၎င်းတို့၏ ချဉ်းကပ်ပုံကို ပြောင်းလဲမည်ဆိုပါက အီရန်အစိုးရအနေဖြင့် သံတမန်ရေးအရ ဆွေးနွေးရန် အသင့်ရှိကြောင်း ပြောကြားထား သည်။

 အီရန်အစိုးရအနေဖြင့် နျူကလီးယားဆိုင်ရာ ကိစ္စရပ်များကို မဖြေရှင်းမီဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ပေးရန် အဆိုပြုထားကြောင်း ရိုက်တာအပါအဝင် အခြားသတင်းဌာနများကို ဖော်ပြခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *