ပခုက္ကူကြက်သွန်စျေးကွက် စျေးနှုန်းထပ်မံမြင့်တက်လာပြီး တစ်ပိဿ ၂၀၀၀ ကျပ်ဝန်းကျင်ရောက်ရှိလာ

ပခုက္ကူကြက်သွန်စျေးကွက်အတွင်း ယခုမေလဆန်းတွင် ဝယ်လက်များပြားသည့်အတွက် စျေးနှုန်းထပ်မံမြင့်တက်လာပြီး တစ်ပိဿ ၂၀၀၀ ကျပ်ဝန်းကျင်ထိ ရောက်ရှိလာကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလတွင် တစ်ပိဿ ၁၅၀၀ ကျပ်ဖြင့်ရောင်းဝယ်ရာမှ သင်္ကြန်ပြီးကာလတွင် ဝယ်ယူမှုများပြားလာသည့်အတွက် တစ်ပိဿ ၁၇၀၀ ကျပ်ထိ မြင့်တက်လာခဲ့သည်။

“အစပိုင်းတုန်းက ၁ ပိဿ ၁၅၀၀ ကျပ်မှာ အတက်အကျမရှိရောင်းဝယ်နေတာ။ ခုရက်ပိုင်း ကုန်ဝင်စုံလာတယ်။ လှောင်စတွေ များလာတော့ အဝယ်လိုက်တယ် စျေးတက်ပေးကြတယ်။ တစ်ခြားအလတ်စ အသေးစတွေလည်း အဝယ်ရှိတော့ ဝင်သမျှအကုန်ရောင်းရပါတယ်” ဟု ပခုက္ကူမြို့မှ ကြက်သွန်ရောင်းဝယ်ရေး လုပ်ကိုင်သူတစ်ဦး ကပြောသည်။

ပခုက္ကူကြက်သွန်စျေးကွက်အတွင်း ပိဿချိန် ၅ သောင်းကျော်ဝင်ရောက်သည့် မေလ ၁ ရက်နေ့တွင် ဂျွန်သေးတစ်ပိဿ ၈၀၀ – ၁၂၀၀ ကျပ် ၊ ဂျွန်လတ်တစ်ပိဿ ၁၃၀၀-၁၆၀၀ ကျပ် နှင့် ဂျွန်ကြီးတစ်ပိဿ ၁၇၀၀ -၁၉၇၅ ကျပ် ပေါက်စျေးရှိကြောင်း သိရသည်။

ယခုနှစ်တွင် စိုက်ပျိုးစရိတ် နှင့် သယ်ယူစရိတ်များ မြင့်တက်သည့်အတွက် ကြက်သွန်တစ်ပိဿ ၂၀၀၀ ကျပ်အထက် ရရှိမှသာ အကျိုးအမြတ်ရရှိမည်ဖြစ်ကြောင်း တောင်သူများထံမှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *