စုံ/မ စနစ်ကြောင့် ကျောင်းဖွင့်ချိန်တွင် ကျောင်းဖယ်ရီကားများကိုသာ အကြို၊အပို့အတွက် အသုံးပြုမှု များလာနိုင်

ကျောင်းဖွင့်ရာသီကာလတွင် စုံ/မ စနစ်ကြောင့် ကျောင်းသားမိဘများအနေဖြင့် ကျောင်းအကြို၊အပို့အတွက် ကိုယ်ပိုင်ယာဉ်ထက် ကျောင်းဖယ်ရီကားများကို  အသုံးပြုရမှုများလာနိုင်ပြီး ကျောင်းဖယ်ရီ ကားခဈေးနှုန်းထားများမှာလည်း အဆမတန်မြင့်မားလာခြင်းကြောင့် ကျောင်းသားမိဘများ အခက်တွေ့လာနိုင်ကြောင်း သိရသည်။

လက်ရှိတွင်လည်း ကိုယ်ပိုင်ကျောင်းများ၊ ပုဂ္ဂလိကကျောင်းအချို့တွင် လာမည့် ပညာသင်နှစ်အတွက် ကျောင်းကားခများကို ကြေညာရာတွင် ယခင်နှစ်ကထက်များစွာ မြင့်တက်သွားသည်ဟု သိရသည်။

ယခင်က ကျောင်းဖယ်ရီခ ကျပ် တစ်သိန်းကိုး သောင်းသာရှိခဲ့ရာမှ ယခုနှစ်တွင် ကျပ် နှစ်သိန်းခွဲမှ သုံးသိန်းခွဲအထိ မြင့်တက်သွားသည်ဟု ပုဂ္ဂလိက ကျောင်းတစ်ကျောင်းမှ ကျောင်းသားမိဘအချို့က ပြောကြား သည်။

” ဒီနှစ်က ဖယ်ရီခက တစ်သိန်းရှစ် သောင်းကနေ သုံးသိန်းခွဲဖြစ်သွားတော့ အွန်လိုင်းပဲ ထားရ တော့မယ်” ဟု ကျောင်းသားမိဘတစ်ဦးက ပြောကြားသည်။

စာသင်နှစ်တစ်နှစ်အတွက် ကျောင်းတက်ရောက်ရသည့်လမှာ ၁၀ လကြာမြင့်သည့်အတွက် တစ်လ လျှင် ဖယ်ရီခ သုံးသိန်းခွဲ ကုန်ကျမည့်ကလေးငယ်တစ်ဦးအတွက် ကျောင်းဖယ်ရီခမှာ တစ်နှစ် ကျပ် ၃၅ သိန်း အထိ ကုန်ကျမည်ဖြစ်သည်။ လက်ရှိတွင် ကျောင်းဖယ်ရီခများအနေဖြင့် မြို့နယ်အနီးအဝေးအပေါ် မူတည်၍ တချို့မှာ တစ်မြို့နယ်ကျော်လျှင် ငါးသောင်းကျပ်ဟု သတ်မှတ်ထားရာမှ တစ်သိန်းကျပ်သို့ ပြောင်းလဲ သတ် မှတ်ခြင်း၊ တချို့မှာ ဆီအကန့်အသတ်စနစ်သို့ ပြောင်းလဲသွားသဖြင့် ပြင်ပမှ ဆီဝယ်ယူ၍ ကျောင်းကား ပြေးဆွဲ ရမည့် အခြေအနေမျိုးလည်း ရှိသည့်အတွက် ကားခဈေးနှုန်းများကို ယခင်ထက် ၅၀ ရာခိုင်နှုန်း အနိမ့်ဆုံး တိုးမြှင့် သတ်မှတ်ရန် ရှိလာကြောင်းလည်း ပြောဆိုမှုများ ရှိနေသည်။

လာမည့်နှစ်တွင် ကျောင်းဖယ်ရီခအနေဖြင့် ယခင်နှစ်ကထက်စာ လျှင် များစွာမြင့်တက်လာခြင်းမှာ အမှန်ပင် ဖြစ်ပြီး လောင်စာဆီဈေးနှုန်းနှင့် စုံ/မ စနစ်ကြောင့် ယင်းသို့ ဈေးနှုန်းတိုးလာခြင်းနှင့် အခက်အခဲများ ဖြစ်လာခဲ့သည်ဟုကျောင်းသားမိဘများက ဆိုသည်။

ကျောင်းဖယ်ရီခမှာ မြို့နယ်အတွင်းကြိုပို့သည့် ကျောင်းဖယ်ရီများလည်း ရှိပြီး ယင်းကြို/ ပို့ယာဉ်များပင် ဈေးနှုန်းများ မြင့်တက်လာခဲ့သည်။

” ကျောင်းမှာက နွေရာသီသင်တန်းတွေ လည်းရှိတယ်။ အဲ့ဒီမှာလာတက်တဲ့ကလေးတွေကိုလည်း ကြို/ ပို့လုပ်ရတယ်။ ဆီဈေးတွေကတက်လာတော့ ကားခ ၈ သောင်းကျော် ၁ သိန်းလောက် ယူရာကနေ အခု သုံးလပိုင်းမှာတုန်းကတော့ တစ်ယောက်ကို တစ်သောင်း တော့ တိုးယူတယ်။ လာမယ့် ကျောင်းဖွင့်ချိန်တော့ အနည်းဆုံး သုံးသောင်းလောက်အထိ ထပ်တက်နိုင်တယ်” ဟု သာကေတမြို့နယ်တွင်း ကျောင်း အကြို/အပို့ ဝန်ဆောင်မှုပေးနေသည့် မော်တော်ယာဉ်ပိုင်ရှင်တစ်ဦးက ပြောကြားသည်။

ကိုယ်ပိုင်ကျောင်းအချို့နှင့် ပုဂ္ဂလိကကျောင်းအချို့မှာ မေလကုန်ပိုင်းမှသာ ကျောင်းဖယ်ရီခများကို ထုတ်ပြန်နိုင်မည်ဖြစ်ပြီး ယင်းအချိန်တွင် ဖြစ်ပေါ်နေသည့် စက်သုံးဆီဈေးနှုန်းများအပေါ်မူတည်ကာ သတ်မှတ်နိုင်မည်ဖြစ်ကြောင်း ကျောင်းကားမောင်းနှင်သူအချို့က ပြောကြားသည်။

” ဈေးကတော့ တက်ကိုတက်ရမယ့်သဘောပဲ။ အခုဈေးတွေက ဒီဇယ်တစ်လီတာကို သုံးထောင် ကျော်ပဲရှိသေးတဲ့အချိန်မှာ ယူထားတဲ့ဈေးလေ။ အခုက ဒီဇယ်တစ်လီတာကို ခြောက်ထောင်ကျော်နေပြီ။ ဖယ်ရီခက ခဏခဏပြောင်းလို့လည်း မရဘူး။ ကျောင်း တွေနဲ့က စာချုပ်နဲ့သွားရတာ။ ကားပျက်တဲ့နေ့ဆိုရင် အစားထိုးဆွဲပေးမယ့်ကားကိုလည်း အရန်သင့်စီစဉ်ထားရတာ။ ပြီးတော့ ကားပြင်စရိတ်နဲ့ပစ္စည်းဖိုးတွေကလည်း တက်လာတော့ ဘယ်လိုမှ မကိုက်တော့ဘူး။ အခု နောက်ဆုံး ဆီဈေးတက်သွားတဲ့အချိန်မှာ ကားခကို နဂို အတိုင်းပဲ ယူလိုက်ရတော့ အဲ့ဒီ တစ်လကို လူနဲ့ကားက Free မောင်းပေးလိုက်ရတဲ့သဘောဖြစ်သွားတယ်။ ဆီဖိုးတင် ရှစ်သိန်းနီးပါးလောက်ကုန်တယ်။ ဖယ်ရီခက ရှစ်သိန်းပဲရတာ။ ဘယ်လိုမှ မကျန်ပေမယ့် ကျောင်းနဲ့က တစ်နှစ်လုံးချုပ်ထားတာဆိုတော့ မတတ်နိုင်ဘူးပေါ့” ဟု ကျောင်းကားပိုင်ရှင်တစ်ဦးက ပြောကြားသည်။

ထို့ပြင်စုံ/မ သတ်မှတ်ထားသည့်စနစ်ကြောင့် ကျောင်းသားမိဘများမှာ ကျောင်းဖယ်ရီကိုသာ အားကိုးရမည့်အခြေအနေဖြစ်ကာ အခြားတစ်ဖက်တွင်လည်း မြင့်တက်လာသည့် ကျောင်းလခများနှင့်အတူ ကျောင်း ဖယ်ရီခများမှာလည်း မိဘများအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာသည်။

စုံ/မ စနစ်ကြောင့် မိမိတွင်ရှိသည့်မော်တော်ယာဉ်ကို နေ့စဉ်အသုံးပြုနိုင်ခြင်းမရှိဘဲ တရက်ခြားသာ အသုံးပြုရမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *