ခရစ္စတယ်ပဲလေ့စ်အသင်းဟာ မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ကွန်းဖရန့်လိဂ်ဆီမီးဖိုင်နယ်ပထမအကျော့မှာ ရှက်တာဒိုးနက်အသင်းကို အဝေးကွင်းမှာ (၃-၁)ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့် ဗိုလ်လုပွဲတက်ရောက်နိုင်ဖို့ နီးစပ်သွားခဲ့ပါတယ်။
ခရစ္စတယ်ပဲလေ့စ်အသင်းဟာ ဒီရာသီ ကွန်းဖရန့်လိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ အလားအလာအကောင်းဆုံးအဖြစ် သတ်မှတ်ခံထားရတဲ့အသင်းဖြစ်ပြီး ရေပန်းစားမှုနဲ့ ကိုက်ညီတဲ့ စွမ်းဆောင်ရည်ကို ဆီမီးဖိုင်နယ်ပထမအကျော့မှာ ပြသခဲ့တာပါ။
ခရစ္စတယ်ပဲလေ့စ်အသင်းဟာ အက်ဇေး၊ ဂူဟီ စတဲ့ အမာခံကစားသမားတွေကို ဆုံးရှုံးခဲ့ရပေမဲ့ ဥရောပအဆင့်မှာ ဆုဖလားအောင်ပွဲ မျှော်လင့်နိုင်အောင် နည်းပြ ဂလက်စ်နာက စွမ်းဆောင်ပေးထားခြင်းလည်း ဖြစ်ပါတယ်။
သြစတြီးယားနည်းပြ ဂလက်စ်နာက ပြီးခဲ့တဲ့ရာသီမှာ FA ဖလား ရယူပေးခဲ့သလို ဒီရာသီအဖွင့်မှာလည်း လီဗာပူးလ်ကို ကျော်ဖြတ်ပြီး ကွန်မြူနတီဒိုင်း ရယူပေးခဲ့ပါတယ်။
ဂလက်စ်နာက လာမယ့်ရာသီကုန်မှာ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ လမ်းခွဲတော့မှာဖြစ်ကြောင်း အတည်ပြုကြေညာထားသူဖြစ်ပြီး ကွန်းဖရန့်လိဂ်ဖလားနဲ့ နှုတ်ဆက်ဖွယ်ရှိကြောင်း သုံးသပ်မှုတွေလည်း ရှိလာပါတယ်။
ကွန်းဖရန့်လိဂ်ပြိုင်ပွဲရဲ့ တခြားဆီမီးဖိုင်နယ်ပွဲစဉ်မှာတော့ ဗယ်လက်ကာနိုက စထရာဘိုးကို (၁-၀)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ပထမအကျော့မှာတော့ ဘရာဂါက ဖရိုင်းဘတ်ကို (၂-၁)ဂိုး၊ နော်တင်ဟမ်ဖောရက်စ်က အက်စတွန်ဗီလာကို (၁-၀)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။
