ဧပြီ ၃၀ ရက်(ကဆုန်လပြည့်နေ့) နံနက် ၉ နာရီကျော်ခန့်တွင် အင်းစိန်အကျဥ်းထောင်မှ အကျဥ်း/သူ ငါးရာခန့်အား လွတ်ငြိမ်းချမ်းသာဖြင့် ပြန်လွှတ်ပေးခဲ့သည်။ “ငါးရာလောက်တော့ရှိမယ်။ထောင်ဒဏ် နှစ်နှစ်အောက်တွေ လွှတ်တာများတယ်”ဟု ပြန်လည်လွတ်မြောက်လာသူတစ်ဦးက ပြောကြားသည်။
အင်းစိန်အကျဥ်းထောင်မှ အကျဥ်းသား/သူများအား Mini Bus ယာဥ်နှင့် YBS ယာဥ်များဖြင့် ပြန်လွှတ်ပေးခဲ့သည်။ အကျဥ်းထောင် အချုပ်ထောင်အသီးသီးတွင် အကျဥ်းကျခံနေရသည့် အကျဉ်းသား အကျဥ်းသာသူ ၁၅၀၈ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေး နိုင်ငံတော်သမ္မတရုံးက ယနေ့(ဧပြီ ၃၀ ရက်)တွင် အမိန့်အမှတ် ၅၁ / ၂၀၂၆ ဖြင့်ထုတ်ပြန်သည်။
နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန် လပြည့်နေ့တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူ လူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း၊ နိုင်ငံတော်တည်ဆောက်ရေးတွင် ပါဝင်နိုင်စေရန်အတွက်လည်းကောင်း အကျဉ်းထောင်/အချုပ်ထောင် / စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား / သူ ၁၅၀၈ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ် လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း အမိန့်စာတွင် ဖော်ပြထားသည်။
