အမေရိကန်ပြည်ထောင်စု၏ အကြိမ်၂၅၀ မြောက် လွတ်လပ်ရေး နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် သမ္မတ ထရမ့်ပုံပါသည့် နိုင်ငံကူးလက်မှတ်များကို ထုတ်ပေးမည်

အမေရိကန်ပြည်ထောင်စုသည် မကြာမီတွင် သမ္မတ ဒေါ်နယ်ထရမ့်၏ ရုပ်ပုံပါရှိသော နိုင်ငံကူးလက်မှတ် (Passport) များကို စတင်ထုတ်ပေးတော့မည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတစ်ဦးက အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

ဝါရှင်တန် နိုင်ငံကူးလက်မှတ်ဌာန (Washington Passport Agency) တွင် ကိုယ်တိုင်လာရောက်၍ နိုင်ငံကူးလက်မှတ် သက်တမ်းတိုးသူများအတွက် အဆိုပါစာအုပ်မှာ “အခြေခံအသုံးပြုမည့် ပုံစံသစ်” ဖြစ်လာလိမ့်မည်ဟု အဆိုပါအရာရှိက ဆိုသည်။ “အွန်လိုင်းကနေတစ်ဆင့် လျှောက်ထားသူတွေ ဒါမှမဟုတ် တခြားနေရာကဌာနတွေမှာတော့ လက်ရှိအသုံးပြုနေတဲ့ ပတ်စပို့ပုံစံကိုပဲ ဆက်လက်အသုံးပြုသွားမှာပါ” ဟု ၎င်းက ဖြည့်စွက်ပြောကြားသည်။

အမေရိကန် နိုင်ငံကူးလက်မှတ်များတွင် ထရမ့်၏ပုံရိပ်ကို ထည့်သွင်းခြင်းသည် အကြိမ် ၂၅၀ မြောက် အမေရိကန်လွတ်လပ်ရေး နှစ်ပတ်လည် အထိမ်းအမှတ်ပစ္စည်းများထဲတွင် နောက်ဆုံးနှင့် အထင်ရှားဆုံး ဖြစ်ရပ်တစ်ခု ဖြစ်လာခဲ့သည်။ အထိမ်းအမှတ် အကြွေစေ့ သို့မဟုတ် အမျိုးသားဥယျာဉ်ဝင်ခွင့်ကတ်များနှင့်မတူဘဲ အမေရိကန်နိုင်ငံကူးလက်မှတ်သည် နိုင်ငံတကာက အသိအမှတ်ပြုထားသည့် သက်တမ်း ၁၀ နှစ်ရှိသော ကိုယ်ရေးအချက်အလက် အထောက်အထားစာရွက်စာတမ်းတစ်ခု ဖြစ်သည်။ နိုင်ငံကူးလက်မှတ်၏ နမူနာပုံစံငယ်အရ ထရမ့်၏ မျက်နှာပုံရိပ်နှင့် ၎င်း၏ လက်မှတ်ကို ရွှေရောင်ဖြင့် အတွင်းဘက်မျက်နှာဖုံးတွင် တွေ့မြင်ရမည်ဖြစ်သည်။

“ဇူလိုင်လမှာ ကျရောက်မယ့် အမေရိကန်ရဲ့ အကြိမ် ၂၅၀ မြောက် အမေရိကန်လွတ်လပ်ရေး နှစ်ပတ်လည်နေ့ကို ဆင်နွှဲတဲ့အနေနဲ့ ဒီသမိုင်းဝင်အခါသမယကို ဂုဏ်ပြုဖို့အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနဟာ အထူးဒီဇိုင်းထုတ်ထားတဲ့ အမေရိကန်နိုင်ငံကူးလက်မှတ် အရေအတွက် အကန့်အသတ်ကို ထုတ်ပေးဖို့ ပြင်ဆင်နေပါတယ်” ဟု နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တွမ်မီ ပီဂေါ့တ်က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

“ဒီနိုင်ငံကူးလက်မှတ်တွေမှာ စိတ်ကြိုက်ဖန်တီးထားတဲ့ အနုပညာလက်ရာတွေနဲ့ ပိုမိုကောင်းမွန်တဲ့ ပုံရိပ်တွေ ပါဝင်မှာဖြစ်ပြီး၊ ကမ္ဘာပေါ်မှာ လုံခြုံမှုအရှိဆုံး စာရွက်စာတမ်းဖြစ်စေမယ့် လုံခြုံရေးဆိုင်ရာ အင်္ဂါရပ်တွေကိုတော့ နဂိုအတိုင်း ထိန်းသိမ်းထားမှာပါ” ဟု ၎င်းက ဆိုသည်။

နိုင်ငံခြားရေးဝန်ကြီးဌာနသည် အဆိုပါ နိုင်ငံကူးလက်မှတ်များကို ယခုနှစ်နွေရာသီတွင် စတင်ထုတ်ပေးမည်ဖြစ်သော်လည်း အရေအတွက် မည်မျှထုတ်ပေးမည်ကိုမူ ရှင်းလင်းစွာ မသိရသေးပေ။ နမူနာပုံစံအရ နိုင်ငံကူးလက်မှတ်၏ နောက်ကျောဖုံးတွင် ဂျွန်ထရမ်ဘူးလ် (John Trumbull) ရေးဆွဲသည့် “လွတ်လပ်ရေးကြေညာစာတမ်း” (The Declaration of Independence) ပန်းချီကားကို ဖော်ပြထားမည်ဖြစ်သည်။

လက်ရှိ အမေရိကန်နိုင်ငံကူးလက်မှတ်များ၏ အတွင်းဘက်မျက်နှာဖုံးတွင် မက်ဟင်နရီခံတပ်(Fort McHenry) ကို ဗုံးကြဲတိုက်ခိုက်ခံရပြီးနောက် တစ်နေ့နံနက်တွင် ပါစီမိုရန်(Percy Moran) ရေးဆွဲထားသည့် ဖရန်စစ်စကော့တ်ကီး (Francis Scott Key) ပန်းချီကားကို ဖော်ပြထားသည်။ အဆိုပါတိုက်ပွဲသည် အမေရိကန်နိုင်ငံတော်သီချင်းဖြစ်လာမည့် စာသားများကို ရေးသားရန် ‘ကီး’ ကို စိတ်ကူးရစေခဲ့ခြင်းဖြစ်ပြီး၊ ထိုသီချင်းစာသားအချို့ကိုလည်း ရှေ့ဖုံးအတွင်းဘက်တွင် ရိုက်နှိပ်ထားလေ့ရှိသည်။

အမျိုးသားဥယျာဉ်များကို ကြီးကြပ်ရသည့် ပြည်ထဲရေးဝန်ကြီးဌာနကလည်း ထရမ့်၏မျက်နှာကို ဂျော့ချ်ဝါရှင်တန်နှင့်အတူ ယှဉ်တွဲဖော်ပြထားသော “လှပသောအမေရိက” ဝင်ခွင့်ကတ် အသစ်များကို မိတ်ဆက်မည်ဖြစ်ကြောင်း ပြီးခဲ့သည့်နှစ်တွင် ကြေညာခဲ့သည်။ “အမေရိကန်ရဲ့ အကြိမ် ၂၅၀ မြောက် အမေရိကန်လွတ်လပ်ရေး နှစ်ပတ်လည်နေ့ ကျွန်တော်တို့ရဲ့ မြေယာတွေကို ကာကွယ်စောင့်ရှောက်ခဲ့တဲ့ မျိုးဆက်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီဝင်ခွင့်ကတ်ကို ထုတ်ဖော်ပြသခွင့်ရတာဟာ ဝန်ကြီးဌာနအတွက် ဂုဏ်ယူစရာပါ” ဟု ဝန်ကြီး ဒေါ့ဂ်ဘာဂမ်က ဝက်ဘ်ဆိုက်ပေါ်ရှိ ဗီဒီယိုတစ်ခုတွင် ပြောကြားခဲ့သည်။

ထို့အပြင် ပြီးခဲ့သည့်လကလည်း ထရမ့်ကိုယ်တိုင် ရွေးချယ်ခန့်အပ်ထားသည့် ပန်းချီအနုပညာကော်မရှင် (Commission of Fine Arts) က အမေရိကန်ပြည်ထောင်စု၏ ၂၅၀ ကြိမ်မြောက် မွေးနေ့အတွက် သမ္မတ၏ရုပ်ပုံပါသည့် အထိမ်းအမှတ် အကြွေစေ့ပြုလုပ်ရန် မဲပေးအတည်ပြုခဲ့ကြသည်။ ပြီးခဲ့သည့်နှစ်ကလည်း ထရမ့်၏အမည်ကို ကနေဒီစင်တာ (Kennedy Center) နှင့် အမေရိကန် ငြိမ်းချမ်းရေးဌာန (US Institute of Peace) တို့တွင် ထွင်းထုဖော်ပြခဲ့ပြီးဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *