AA အဖွဲ့ဝင် ၂၀ ဦးနှင့် PDF  အမည်ခံအဖွဲ့ဝင်  ၁၂ ဦးတို့ လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ဝင်ရောက်

နိုင်ငံတော်အစိုးရသည် PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင် လျက်ရှိသည့် အဖွဲ့အစည်းများအတွင်းရောက်ရှိနေသူများအား ဥပဒေဘောင်အတွင်းသို့  ပြန်လည် ဝင်ရောက် ရန်ဖိတ်ခေါ်၍  ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာကြသူများကိုလည်း လိုအပ်သည့်ကူညီပံ့ပိုး မှုများ ဆောင်ရွက်ပေးလျက်ရှိရာ နိုင်ငံတော်နှင့်တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နားလည် သဘောပေါက်လာသည့် AA အဖွဲ့ဝင် ၂၀ ဦး နှင့် PDF  အမည်ခံအဖွဲ့များမှ အဖွဲ့ဝင် ၁၂ ဦး တို့သည် လက်နက် ခဲယမ်းများနှင့်အတူ   ဥပဒေဘောင်အတွင်းသို့ ထပ်မံဝင်ရောက် လာကြသည်။ 

ထိုသို့ ဥပဒေဘောင်အတွင်းပြန်လည် ဝင်ရောက်လာကြသည့် ရခိုင်ပြည်နယ် ဂွမြို့နယ်မှ ၄ ဦး၊  မင်းပြားမြို့နယ်မှ ၁ ဦး၊ သံတွဲ မြို့နယ်မှ ၆ ဦး၊ ရမ်းဗြဲမြို့နယ်မှ ၁ ဦး၊ မြေပုံ မြို့နယ်မှ ၂ ဦး၊ တောင်ကုတ်မြို့နယ်မှ ၁ ဦး၊ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ ၃ ဦး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့ နယ်မှ ၁ ဦး ၊ လေးမျက်နှာမြို့နယ်မှ ၁ ဦး ၊ စုစုပေါင်း AA အဖွဲ့ဝင် အမျိုးသား ၂၀ ဦးနှင့် ဧရာဝတီတိုင်းဒေသကြီး၊ ရေကြည်မြို့နယ်မှ ၂ ဦး၊ ပုသိမ်မြို့နယ်မှ ၂ ဦး၊ ဓနုဖြူမြို့နယ်မှ ၂ ဦး၊ လေးမျက်နှာမြို့နယ်မှ ၃ ဦး၊ အင်္ဂပူမြို့နယ်မှ ၁ ဦး၊ ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်မှ ၁ ဦး၊ ဒဂုံဆိပ်ကမ်းမြို့ နယ်မှ ၁ ဦး၊ စုစုပေါင်း PDF အဖွဲ့ဝင် အမျိုး သား ၁၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ကို ကြိုဆို လက်ခံ၍ မိဘအုပ်ထိန်းသူများထံ ပြန်လည် လွှဲပြောင်းအပ်နှံပွဲကို ယနေ့နံနက်ပိုင်းတွင် အနောက်တောင်တိုင်းစစ်ဌာနချုပ်၊ ဧရာဝတီခန်းမ၌ပြုလုပ်ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်၊ တိုင်းမှူး ဗိုလ်မှူးချုပ်အောင်ကျော်ခိုင်နှင့် တာဝန်ရှိ သူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာခဲ့ကြသူများနှင့် ၎င်းတို့၏ မိဘ အုပ်ထိန်းသူများ တက်ရောက်ကြသည်။ 

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး တိုင်းမှူးက တရားဥပဒေများနှင့်ပတ်သက်၍ အသိပညာပေး စကားများ ရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်ခဲ့ကြသူများက ၎င်းတို့နှင့်အတူပါလာသည့် MA-1 အမျိုးအစား မောင်းပြန်ရိုင်ဖယ် ၂ လက်၊ MA-2 အမျိုး အစားမောင်းပြန်ရိုင်ဖယ် ၁ လက်၊ BA-63 မောင်းပြန်ရိုင်ဖယ် ၂ လက်၊ Type-81အမျိုးအစား ၅ လက်၊ M-22 အမျိုးအစား  မောင်းပြန်ရိုင်ဖယ် ၁ လက်၊  LM-16 ပါရီ စက်လတ် ၁ လက်၊ AK-47 အမျိုးအစား မောင်းပြန်ရိုင်ဖယ် ၁ လက်၊ စုစုပေါင်း လက်နက်မျိုးစုံ ၁၃ လက်၊  တရုတ်ကြိုးဆွဲ လက်ပစ်ဗုံး ၆ လုံး၊   ကျည်မျိုးစုံ(၄၅၆) တောင့်နှင့်   ကျည်အိမ်မျိုးစုံ(၂၀)ခုတို့ကို လွှဲပြောင်းအပ်နှံရာ တိုင်းမှူးက လက်ခံရယူသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင် အတွင်းဝင်ရောက်လာသူများအား သေနတ် ၁ လက်လျှင် ဆုကြေး ငွေကျပ်သိန်း(၅၀)နှုန်းဖြင့် သေနတ် ၁၃ လက် အတွက် ကျပ်သိန်း ၆၅၀ ကျပ်၊ လက်ပစ်ဗုံး (၆)လုံးအတွက် ဆုကြေးငွေ ၁၈ သိန်းကျပ် နှင့် အလင်းဝင် ရောက်လာသူ  ၁ ဦးလျှင် ၃ သိန်းကျပ်နှုန်းဖြင့် ၃၂ ဦးအတွက် ၉၆ သိန်းကျပ် စုစုပေါင်းချီးမြှင့်ငွေကျပ်သိန်း (၇၆၄)သိန်းအား တိုင်းဒေသကြီးဝန်ကြီးချုပ် နှင့် တိုင်းမှူးတို့က ပေးအပ်ချီးမြှင့်ခဲ့ပြီး ဝန်ခံကတိလက်မှတ် ရေးထိုးစေကာ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းအပ်နှံပေးကြသည်။ ထို့နောက် ဥပဒေဘောင် အတွင်း ပြန်လည်ဝင်ရောက်လာသူများ၏ အုပ်ထိန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြား သည်။

အဆိုပါ  ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာကြသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ အဖွဲ့ဝင်များနှင့် PDF အမည်ခံအဖွဲ့များမှ အဖွဲ့ဝင်များသည် အတင်းအဓမ္မစုဆောင်းခံကြရခြင်း၊ အကြမ်း ဖက်အဖွဲ့များ၏ အကျိုးစီးပွားအတွက်  အပြစ်မဲ့ပြည်သူများနှင့်  နိုင်ငံ့ဝန်ထမ်းများအား ခြိမ်းခြောက်၊ ဖမ်းဆီး၊ သတ်ဖြတ်ခြင်း၊  စစ်ရေးပစ်မှတ်မဟုတ်သည့် အခြေခံအဆောက်အဦများ၊ လမ်း၊ တံတားများကို မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခြင်း စသည့် အကြမ်းဖက်လုပ်ရပ်များကို လက်မခံနိုင် တော့ခြင်း၊ ၎င်းအဖွဲ့များအတွင်း၌ပင် လူမျိုး ရေးခွဲခြားဆက်ဆံမှုနှင့် အဆင့်အတန်းခွဲခြား၍ အချင်းချင်းဗိုလ်ကျ နှိပ်စက်၊ သတ်ဖြတ်ခြင်း၊ အဓမ္မ မှုများကျူးလွန်ခြင်း၊ အနေအစားဆင်းရဲ၍ ပင်ပန်းဆင်းရဲစွာနေထိုင်ရခြင်းနှင့် တပ်မတော်၏တိုက်စစ်ကို ခုခံနိုင်တော့ခြင်းမရှိဘဲ စိတ်ဓာတ်ကျဆင်းလာခြင်းတို့အပြင် နိုင်ငံတော်နှင့် တပ်မတော်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ယုံကြည်လက်ခံပြီး ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်၍ ၎င်းတို့ကြောင့် နစ်နာ ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် ပြန်လည်အကျိုးပြုလိုခြင်း တို့ကြောင့်  လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်၍ ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်ခဲ့ကြခြင်းဖြစ်ကြောင်း  သိရှိရ သည်။

ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာကြသူများအား ပြန်လည် ကြိုဆိုလက်ခံ၍ လိုအပ်သည့်ကူညီပံ့ပိုးမှု များဆောင်ရွက်ပေးပြီး မိဘအုပ်ထိန်းသူများထံသို့ စနစ်တကျပြန်လည်လွှဲအပ် ပေးလျက်ရှိရာ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများကျန်ရှိနေသေးကြောင်း သိရှိရပြီး ယခုကဲ့သို့ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအနေဖြင့် နီးစပ်ရာတပ်စခန်းများနှင့် ရဲစခန်း များသို့ အမြန်ဆက်သွယ်သတင်းပေးပို့လာပါက ကြိုဆိုလက်ခံပြီး လိုအပ်သည့်ကူညီ ထောက်ပံ့မှုများ ပေးအပ် သွားမည်ဖြစ်ကြောင်းနှင့် လက်နက်/ခဲယမ်းများအတွက် ဆုကြေးငွေများ  ပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်လာသူများ၏ စကားသံများကို လည်း ယခုကဲ့သို့ ကြားသိရပါသည် -“ကျွန်တော်ကတော့ AA တပ်ဖွဲ့ဝင် တစ်ယောက်ပေါ့။ ကျွန်တော် AA ထဲရောက် ရှိသွားတဲ့ အကြောင်းကတော့ ဒီကောင်တွေက တစ်အိမ်တစ်ယောက်မဖြစ်မနေ စစ်မှုထမ်းရမယ်ဆိုပြီးတော့ ပြောတယ်။ အဲ့ဒီတော့ မလိုက်လို့ရှောင်ပုန်းနေပြန်တော့လည်း ဒီကောင်တွေက အိမ်က မိသားစုတွေကိုအန္တရာယ် ပေးတယ်။ အိမ်က မိသားစုကို ချိပ်ပိတ်တာမျိုးတို့ အိမ်ကို ခြိမ်းခြောက်တာတွေလုပ်တယ်။ ခေါ်ပေးပေါ့။ မခေါ်ပေးရင် ရှိတဲ့သူဆွဲမယ်။ ဒီလိုနဲ့ ကျွန်တော်တို့ AA ထဲရောက်ခဲ့တယ်။ ဟိုရောက်တဲ့အခါကျတော့ သင်တန်း မှာ သင်တန်းတက်ရတယ်။ ဒီကောင်တွေက ရိုင်းစိုင်းအားကြီးတယ်။ ပြောတာဆိုတာ လုပ်တာကိုင်တာလည်း တစ်ခုမှမဟုတ်ဘူး။ စားတာသောက်တာကအစ အဆင်မပြေဘူးပေါ့။ ကိုယ့်သားလောက်ရှိတဲ့  ကောင်လေး တွေကအစ  အားလုံးအထက်အောက် ညှဉ်းပန်းနှိပ်စက်မှုကို ပြုလုပ်တယ်။ သင်တန်းဆင်းပြန်တော့လည်း နေရထိုင်ရတာတွေ အဆင်မပြေဘူး။ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့နေရတယ်။ ကျွန်တော်တို့ ဆိုရင် သင်တန်းဆင်းတာနဲ့ ရှေ့တန်းပို့တယ်။ ရှေ့တန်းပို့တဲ့အခါ ကျွန်တော်တို့မှာ လွယ်အိတ်လည်းမရှိဘူး။ ရှေ့တန်းရောက်တော့ တိုက်ပွဲတစ်ခါမှ မတိုက်ဖူးတဲ့သူကို တိုက်ဆိုတိုက်ရမယ်။ နောက်ပြန်ဆင်းလာ ရင် ပစ်သတ်ပစ်မယ်တို့ အဲ့လိုအနေအထားမျိုးတွေရှိတယ်။ အဲ့ကနေပြီးတော့ မင်းတို့ ပြန်မဆင်းလာနဲ့ မင်းတို့တိုက် မနိုင်ရင်နိုင် အောင်တိုက်ရဖို့ဆိုတဲ့အနေအထားမျိုးတွေ ရှိတယ်။ ကျွန်တော်တို့ ပြန်ပြေးချင် ပေမယ့်လည်း ပြေးလို့မရဘူး။ ကိုယ့်လူအချင်းချင်း ပစ်ဖို့သေနတ်နဲ့ အဲ့လိုမျိုးခြိမ်းခြောက်မှု တွေရှိတယ်။ ကျွန်တော်တို့သူငယ်ချင်းနှစ်ယောက်ရှိတယ်။ ပြေးမယ်လို့ပြောလိုက်တယ်။ ဒီနေရာမှာ ဒီအဖွဲ့အစည်းမှာ မနေ တော့ဘူး။ အဆင်မပြေဘူး။ ပြေးမယ်လို့ဆုံးဖြတ်လိုက်တယ်။ သူငယ်ချင်းနှစ်ယောက် ပြေးလာတာပေါ့။ ပြေးလာတော့ သူငယ်ချင်း သေနတ်တွေပါယူဆိုပြီး သေနတ်တွေပါ ပါလာခဲ့တယ်။ ဒီကောင်တွေက သေနတ် ပါတဲ့အခါကျတော့ အမိအရလိုက်တယ်။ အမိအရလိုက်ပြီး လမ်းမှာလိုက်ဖမ်းတယ်။ ကျွန်တော့်ကို လိုက်ဖမ်း တော့ ကျွန်တော်နဲ့ တိုက်ပွဲဖြစ်ပါတယ်။ အချင်းချင်း ကျွန်တော်လည်း ပြန်ပစ်တယ်။ တစ်ယောက်ကတော့ ပြန်အဖမ်းခံသွားပါတယ်။ သူကတော့ ပြန်မပစ်တဲ့အတွက် အဖမ်းခံသွားပါတယ်။ ကျွန်တော်ကတော့ ပြန်ပစ်တဲ့အတွက် ကျွန်တော့်ကိုတော့ လိုက်ပြီးမဖမ်းတော့ဘူး။ ကျွန်တော်ကတော့ အန္တရာယ်ကင်းကင်းနဲ့ပဲ ဒီဘက်ရောက်လာတယ်။ ဒီဘက်ရောက်တော့လည်း ရောက်တာနဲ့ နေရထိုင်ရတာကအစ အားလုံး အဆင်ပြေ ပါတယ်။ ကျွန်တော်ပြောနေတဲ့ အသံဖိုင်ကို AA မှာ ကျန်ခဲ့တဲ့ ညီတွေ၊ သူငယ်ချင်းတွေ တွေ့ရင် ကျွန်တော့်လိုပဲ အလင်းဝင်ပါ။ ဒီဘက်မှာ တချို့က စိုးရိမ်တာတွေရှိတယ်။ ဒီဘက်ရောက်ရင် ဖမ်းဖို့လား။ အဲ့လိုမဟုတ်ပါဘူး။ အဲ့လိုမျိုးလည်း  မဖမ်းဘူး။ နှိပ်လည်းမနှိပ်စက်ဘူး။ အေးအေးဆေးဆေး ကြိုဆိုတယ်။ အေးအေးဆေးဆေး ထားတယ်။ အေးအေးဆေးဆေးအိပ်ရတယ်။ ကျွန်တော်ပြောချင်တာက ရခိုင်မှာကျန်ခဲ့တဲ့ကျွန်တော့် သူငယ်ချင်းတွေ ရှေ့တန်းစစ်မြေပြင်ရောက်နေတဲ့ သူငယ်ချင်းတွေ ဒီဗီဒီယိုဖိုင်ကြည့်ပြီးတော့ ဒီဘက်ကို  အလင်းဝင်စေချင်ပါတယ်။   တပ်မတော်ဘက်ကိုရောက်တော့ ကောင်းကောင်းမွန်မွန်နွေးနွေးထွေးထွေး ကြိုဆိုပါတယ်”ဟုပြောသည်။ 

“ကျွန်တော့် ယောက်ျားနဲ့ PDF ထဲကို ဝင်တယ်။ ဝင်ပြီးတော့ နောက်တော့ ရခိုင်ဘက်မှာ နေခဲ့ရတယ်။ ပြီးတော့  သင်တန်းတုန်းက ရိုက်နှက်တာတွေ ရှိတယ်။ အဲ့တာတွေ မြင်ရတွေ့ရတယ်။ ကျွန်တော်တို့တွေ မသုံးမစွဲဘဲ နေခဲ့ရတယ်။ မစားမသောက်ရဘူး။ သတင်းပေးပြန်တော့လည်း ဘယ်သူသုံးခိုင်းတာလဲ  ဘာလဲနဲ့ အဲ့လိုမျိုးတွေဖြစ်တယ်။ လုံးဝကို စိတ်ဖိစီးမှုတွေများတယ်။  အဆင်မပြေဘူး။    တကယ်လို့ ထွက်ပြေးသွားပြီး    ပြန်မိလာပြီဆိုရင် အသားကုန် ရိုက်တယ်။ အဲ့တော့ကျွန်တော်တို့ အလင်းဝင်ဖို့ဆိုတာ တော်တော်ကို ကြောက်တာ။ ဒီဘက်မှာတောင်  ဒီလောက်ရိုက်နေရင် ဟိုဘက်ကလည်း အဲ့လိုပဲ ရိုက်နှက်မှာပဲဆိုပြီးတော့    တော်တော်နှိပ်စက်တယ်။ တော်တော်ရိုက်တယ်။ လူတွေကို ကြောက်စိတ်တွေဖြစ်အောင် သွင်းပေးထား တာပေါ့။ အမြဲတမ်းကြောက်စိတ်ဖြစ်တယ်။ ပြီးတော့ လူတစ်ယောက်မှာ ပစ္စည်းဘာပါလဲ။ ရွှေပါလားရွှေသိမ်း တယ်။ ပိုက်ဆံပါလား။ ပိုက်ဆံ ဘယ်နှသိန်းပါလဲ။ သိမ်းတယ်။ ပြီးရင် ဆိုင်ကယ်ပါလား  ဆိုင်ကယ်သိမ်းတယ်။ သူတို့မှာ အမြတ်ကြီးစားကုပ်သွေးစုပ် အဲ့လိုကြီးပဲလုပ်နေတယ်။ သူတို့မှာ အဲ့စိတ်ဓာတ်အမြဲရှိတယ်။ အဲ့တာလေးကို ကျွန်တော်ပြောချင်တယ်။ ဖုန်းသုံးရတာကအစ အဆင်မပြေဘူး။ ဘယ်သူနဲ့မှလည်း အဆက်အသွယ်မရဘူး။ ကိုယ်မရှိရင် ကိုယ်မစားရဘူး။ အဲ့လိုမျိုးတွေပေါ့။ နောက်ကျတော့ ကျွန်တော် ကျန်းမာရေးမကောင်းလို့ ဆိုပြီးတော့ အကြောင်းပြတယ်။ ကျန်းမာရေးတော်တော်မကောင်းဖြစ်လို့ ဆေးရုံ သွားပါရစေ။ ကျွန်တော့် ယောက်ျားနဲ့ပဲ အတူတူနေပါရစေတော့လို့ တင်ပြတော့ ကျွန်တော့်အရှေ့ကို  ရောက်လာပြီးတော့ ကျွန်တော် အချုပ်ထောင်ထဲမှာ နေရပါတယ်။ မိန်းကလေး  အချုပ်ထောင်မှာကျတော့ တာဝန်နဲ့နေရပါတယ်။ နေပြီးတော့ နှစ်လပိုင်းလောက်မှာ ကျွန်တော့်ယောက်ျားအလင်းဝင်သွားတယ်။ အဲ့မှာ  နေရာကကွဲနေတဲ့အခါကျတော့ ကျွန်တော့်ကို မခေါ်နိုင်ဘူးပေါ့။ အလင်းဝင်သွားပြီးတဲ့နောက်ပိုင်းမှာ ကျွန်တော့်ကိုလည်း စောင့်ကြည့်နဲ့ပဲထားတယ်။ အချုပ်သားတွေနဲ့ မိန်းကလေး နှစ်ယောက်၊ ယောက်ျားလေး လေးယောက် ကလေးတစ်ယောက်နဲ့ ကျွန်တော် အဲ့မှာ ညဘက်ကြီးထွက်ပြေးပါတယ်။ ဒီဘက်ကို အလင်းဝင်ခဲ့ပါတယ်။ ဒီဘက်ကို အလင်းဝင်ခဲ့တော့လည်း  ကျွန်တော်တို့ကိုကြားထားတာကပေါ့။ ဒီဘက်က အလင်းဝင်လို့ရှိရင် ရိုက်နှက်တယ်။ အဆင်မပြေဘူးလို့ ကြားထားပါတယ်။       တကယ်တော့ရောက်လာတဲ့ အချိန်မှာ လုံးဝတခြားစီဖြစ်ပါတယ်။ နွေးနွေးထွေးထွေးဆက်ဆံပါတယ်။  ဒီဘက်ကအရမ်းကောင်းခဲ့ပါတယ်။ ကျွန်တော်တို့ ထင်ထားတာထက်တောင် ပိုကောင်းပါတယ်။ ကျွန်တော်တို့က အဲ့ဒီလိုတောင် မထင်ထားပါဘူး။  အမြဲနှိပ်စက်မယ်လို့တောင် ထင်ထားတာပါ။ ဒါပေမဲ့ ဒီဘက်က ကောင်းခဲ့ပါတယ်။ ကျွန်တော်တို့ လမ်းမှားကို ရောက်သွားတော့ ကျွန်တော့် မိဘတွေတော့ မသိပါဘူး။ ဒါပေမဲ့  ဒီကနေပြီးတော့ပဲ ကျွန်တော်မိဘတွေကို တောင်းပန်ပါတယ်။ ကျွန်တော်တို့ လမ်းမှားရောက်သွားတယ်။ အခုလိုအချိန်မှာ ကျွန်တော်တို့ ပြန်ရမယ် ဆိုရင်တော့ အရမ်းဝမ်းသာပါတယ်။ အမေ့ကို မတွေ့ရတာလည်း တော်တော်ကြာပြီဆိုတော့ အဖေနဲ့အမေ နဲ့လည်း  ဝမ်းသာမယ်လို့ မျှော်လင့်ပါတယ်။ တပ်မတော်က အခုလို နွေးနွေးထွေးထွေး ကြိုဆိုပေးတဲ့အတွက် ကျွန်တော်တို့က ကျေးဇူးတင်ပါတယ်”ဟုပြောကြားခဲ့ကြောင်း   သိရသည်။ 

Leave a Reply

Your email address will not be published. Required fields are marked *