အမေရိကန်သည် အခြားနိုင်ငံများ လုပ်ဆောင်ရမည့်အရာတို့ကို စည်းကမ်းသတ်မှတ်နိုင်ခြင်းမရှိတော့ဟု အီရန်က ဧပြီ ၂၈ ရက်တွင် ပြောကြားခဲ့သည်။
ဟော်မုဇ်ရေလက်ကြားပြန်ဖွင့်ရေးနှင့်ပတ်သက်၍ အီရန်ဘက်မှ အဆိုပြုချက်ကို အမေရိကန်က စဉ်းစားနေချိန်တွင် အီရန်က အထက်ပါအတိုင်းပြောကြားလိုက်ခြင်းဖြစ်သည်။
အီရန်သည် အမေရိကန်၊ အစ္စရေးတို့နှင့်စစ်ဖြစ်ကတည်းက မဟာဗျူဟာကျသော ရေလက်ကြားဖြစ်သည့် ဟော်မုဇ်ကို ထိရောက်စွာ ပိတ်ထားခဲ့သည်။ ဟော်မုဇ်ရေလက်ကြားကို ပိတ်ထားလိုက်သောကြောင့် ကမ္ဘာ့လောင်စာစျေးကွက်များတွင် လှိုင်းဂယက်များဖြစ်ပေါ်ခဲ့ရပြီး စစ်ပွဲပြီးဆုံးရေးအတွက် ဟော်မုဇ်ရေလက်ကြားကိစ္စသည် အဓိကဆွေးနွေးသည့်အကြောင်းအရာဖြစ်လာခဲ့သည်။
“အမေရိကန်ပြည်ထောင်စုဟာ သူ့မူဝါဒတွေကို လွတ်လပ်တဲ့ နိုင်ငံတွေအပေါ်မှာ စည်းကမ်းချက်သတ်မှတ်ပေးနိုင်ခြင်းမရှိတော့ပါဘူး” ဟု အီရန်ကာကွယ်ရေးဝန်ကြီး ဌာနပြောခွင့်ရရီဇာတာလေ့နစ်က ပြောကြားကြောင်း အီရန်အစိုးရမီဒီယာက ဖော်ပြခဲ့သည်။
အမေရိကန်သည် ၎င်း၏တရားမဝင်သော တောင်းဆိုမှုများ၊ ကျိုးကြောင်းဆီလျော်မှုမရှိသော တောင်းဆိုမှုများကို စွန့်လွှတ်ပစ်ရမည်ဟု ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
အပစ်အခတ်ရပ်စဲရေးက အီရန်၊ အမေရိကန်၊ အစ္စရေးတို့၏တိုက်ခိုက်နေမှုများကို ရပ်တန့်သွားစေသည်ဆိုသော်လည်း စစ်ပွဲပြီးဆုံးစေရေးအတွက် ဆွေးနွေးမှုများသည် မဖြေမထွက်သေးပေ။
၀ါရှင်တန်တွင် စဉ်းစားနေသော အဆိုပြုချက်မှာ ဟော်မုဇ်ရေလက်ကြားပြန်ဖွင့်ရေးဖြစ်သည်။ ဟော်မုဇ်ရေလက်ကြားသည် ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့တင်ပို့မှုများအတွက် အရေးကြီးသောလမ်းကြောင်းဖြစ်သည်။ ထို့ကြောင့် စစ်ပွဲနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးရာတွင် ဟော်မုဇ်ရေလက်ကြားသည့် အရေးကြီးသောအကြောင်းအရာအဖြစ် ပါဝင်လာခဲ့သည်။
ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးမတိုင်မီ ရီဇာတာလေ့နစ်က ပြောကြားရာတွင် အီရန်သည် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင်နိုင်ငံများဖြစ်သော လွတ်လပ်သောနိုင်ငံများနှင့်အတူ မိမိ၏ကာကွယ်ရေးစွမ်းရည်ကို မျှဝေပေးရန် အဆင်သင့်ရှိနေသည်ဟု ပြောကြားခဲ့သည်။
နှစ်လကြာ စစ်ပွဲပြီးဆုံးရေးအတွက် အီရန်၏နောက်ဆုံးအဆိုပြုချက်ကို အမေရိကန်သမ္မတဒေါ်နယ်ထရန့်က မလိုလားဟု အမေရိကန်တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အီရန်၏နောက်ဆုံးအဆိုပြုချက်တွင် အီရန်၏နျူကလီးယား အစီအစဉ်ကို စစ်ပွဲမပြီးမချင်း ဆွေးနွေးမည်မဟုတ်သလို ဟော်မုဇ်ရေလက်ကြားကိစ္စအငြင်းပွားမှုများကို ဖြေရှင်း၍မပြီးမချင်း ဆွေးနွေးမည်မဟုတ်ဟု ဖော်ပြထားသည်။
အမေရိကန်ဘက်က ထိုအချက်ကို သဘောမကျပေ။ အီရန်၏နျူကလီးယားအစီအစဉ်ကို အစကတည်းက ဖြေရှင်းရမည်ဟု အမေရိကန်က ပြောကြားထားသည်။ ထို့ကြောင့်လည်း သမ္မတထရန့်က အီရန်၏ နောက်ဆုံးအဆိုပြုချက်ကို လိုလားဟန်မပြ ခြင်းဖြစ်သည်ဟု ဆိုသည်။
