ထရမ့်တက်ရောက်သော အိမ်ဖြူတော် သတင်းထောက်များအသင်း ညစာစားပွဲတွင် ပစ်ခတ်မှုဖြစ်ပွား၊ ထရန့်အား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရ၊ ပစ်ခတ်မှုဖြစ်စဉ်ကို အာဏာပိုင်များ စုံစမ်းစစ်ဆေးနေ

ယနေ့ညတွင် ပြုလုပ်သည့် အိမ်ဖြူတော် သတင်းထောက်များအသင်း ညစာစားပွဲ၌ ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီးနောက် သမ္မတ ဒေါ်နယ်ထရန့်၊ အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် လွှတ်တော်အမတ်များကို အဆိုပါ အခန်းအတွင်းမှ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရသည်။

ဝါရှင်တန်ဒီစီရှိ “ဝါရှင်တန် ဟီလ်တန် (Washington Hilton)”ဟိုတယ်တွင် ဖြစ်ပွားခဲ့သော အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ လူတစ်ဦးအား ဖမ်းဆီးထိန်းသိမ်းထားကြောင်းနှင့် သမ္မတ အပါအဝင် “ကာကွယ်စောင့်ရှောက်ခံရသူအားလုံး ဘေးကင်းလုံခြုံကြောင်း” လျှို့ဝှက်‌ထောက်လှမ်းရေးအဖွဲ့ (Secret Service) က ပြောကြားသည်။

၎င်းတို့အနေဖြင့် “အဓိက သံလိုက်ဓာတ်ဖြင့် စစ်ဆေးသည့် နေရာ (Magnetometer screening area) အနီးတွင် ဖြစ်ပွားခဲ့သော ပ-စ်ခတ်မှုဖြစ်စဉ်” ကို စုံစမ်းစစ်ဆေးနေကြောင်း ကိုလည်း အဆိုပါ အေဂျင်စီက ပြောကြားခဲ့သည်။

အဆိုပါ ညစာစားပွဲအား ရက်ပေါင်း ၃၀ အတွင်း ပြန်လည်ကျင်းပသွားမည်ဖြစ်ကြောင်း ထရန့်နှင့် အိမ်ဖြူတော် သတင်းထောက်များအသင်း ဥက္ကဋ္ဌ ဝေကျားကျန်း (Weijia Jiang) တို့က ပြောကြားခဲ့သည်။

ထရန့်က မိမိအနေဖြင့် အိမ်ဖြူတော် သတင်းထောက်များအသင်း ညစာစားပွဲတွင် ဆက်လက်ရှိနေလိုသော်လည်း တရားဥပဒေစိုးမိုးရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကြောင့် ဦးစားပေးဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ကျွန်တော်ဒီည ဆက်နေချင်ခဲ့တာပါ။ ကျွန်တော် ဆက်နေဖို့အတွက် အပြင်းအထန် ကြိုးစားခဲ့တယ်လို့ ခင်ဗျားတို့ကို ပြောချင်ပါတယ်” ဟု ထရန့်က ဆိုသည်။ သို့သော်လည်း ညစာစားပွဲကို ဖျက်သိမ်းလိုက်ခြင်းသည်သာ အလုံခြုံဆုံးဖြစ်သည်ဟု တရားဥပဒေစိုးမိုးရေးအဖွဲ့များက တင်ပြခဲ့ကြောင်း သူက ပြောကြားခဲ့သည်။

ယနေ့ည ပစ်ခတ်မှုသည် သမ္မတကတော် မီလန်နီယာထရန့်အတွက် “အတော်လေး စိတ်ဏ်ရာရစရာ” ဖြစ်ခဲ့ကြောင်း ထရန့်က ပြောကြားခဲ့ပြီး တရားဥပဒေစိုးမိုးရေးအဖွဲ့များ၏ လျင်မြန်သော တုံ့ပြန်ဆောင်ရွက်မှုအပေါ် ချီးကျူးစကား ပြောကြားခဲ့သည်။

“ဟိုမှာ အခြေအနေတွေက တော်တော်လေးကို မြန်မြန်ဆန်ဆန် ဖြစ်ပျက်သွားခဲ့တာပါ။ ဒါပေမဲ့ တုံ့ပြန်ဆောင်ရွက်မှု အချိန်က တကယ်ကို မယုံနိုင်စရာကောင်းလောက်အောင် မြန်ဆန်ခဲ့ပါတယ်။ ကျွန်တော်တို့ အစီအစဉ်ကို ပြန်လည်ရေးဆွဲမှာပါ” ဟု သူက ကတိပေးခဲ့သည်။ “ကျွန်တော်တို့ ဒါကို နောက်တစ်ကြိမ် ပြန်လုပ်မှာပါ။”

ထရန့်က “ဘယ်သူ့ကိုမှ ကျွန်တော်တို့ရဲ့ လူ့အဖွဲ့အစည်းကို လွှမ်းမိုးချုပ်ကိုင်ခွင့် ပေးမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ အစီအစဉ်တွေကို ဖျက်သိမ်းပစ်မှာ မဟုတ်ပါဘူး၊ ဘာလို့လဲဆိုတော့ အဲဒီလို လုပ်လို့မရလို့ပါပဲ” ဟု အလေးပေး ပြောကြားခဲ့သည်။

FBI ညွှန်ကြားရေးမှူး ကတ်ရှ်ပါတေးလ် (Kash Patel) က ၎င်း၏ မှတ်ချက်စကားတွင် ၎င်း၏ အေဂျင်စီသည် အခင်းဖြစ်ပွားရာနေရာသို့ “လျင်မြန်စွာ ဖြန့်ကြက်ချထား” ခဲ့ပြီး “ပစ်ခတ်မှုဆိုင်ရာ အထောက်အထားများအားလုံးကို စစ်ဆေးနေသည့်” သက်သေခံပစ္စည်း တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့ကို တာဝန်ယူခိုင်းထားကြောင်း ပြောကြားခဲ့သည်။

အဆိုပါ အထောက်အထားများတွင် “‌သေနတ်အရှည်တစ်လက်နှင့် ကျည်ခွံများ” ပါဝင်ကြောင်း ပါတေးလ်က ပြောကြားခဲ့သည်။

“ကျွန်တော်တို့ စကားပြောနေတဲ့ အချိန်မှာပဲ မျက်မြင်သက်သေတွေကို မေးမြန်းစစ်ဆေးနေပါတယ်” ဟု ပါတေးလ်က ဆိုကာ သတင်းအချက်အလက်ရှိသူ မည်သူမဆို FBI ထံ သတင်းပေးပို့ရန် တောင်းဆိုခဲ့သည်။

“ဘယ်သတင်းအချက်အလက်ကမှ သေးငယ်လွန်းတယ်လို့ မရှိသလို၊ ဘယ်သတင်းအချက်အလက်ကမှ မလုံလောက်ဘူးဆိုတာ မရှိပါဘူး။ ကျွန်တော်တို့ အားလုံးကို အကဲဖြတ်သွားမှာပါ။ အဲဒီမှာ ရှိနေခဲ့တဲ့သူတွေကိုလည်း မေးမြန်းစစ်ဆေးမှုတွေ ပြုလုပ်သွားမှာဖြစ်သလို၊ အဲဒီလူတွေထဲက တစ်စုံတစ်ယောက်မှာ သတင်းအချက်အလက် ရှိမရှိ ဆိုတာကိုလည်း စစ်ဆေးသွားမှာပါ” ဟု သူက ပြောကြားခဲ့သည်။

၁၉၈၁ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့ကလည်း ထိုစဉ်က အမေရိကန်ပြည်ထောင်စု သမ္မတ ရော်နယ်ရေဂင်သည် အဆိုပါ Washington Hilton ဟိုတယ်တွင်ပင် မိန့်ခွန်းပြောကြားပြီးနောက် သူ၏ကားဆီသို့ အပြန်တွင် ဂျွန်ဟင်ကလေ ဂျူနီယာ(John Hinckley Jr.) ၏ သေနတ်ဖြင့် ပစ်ခတ်မှုကို ခံခဲ့ရပြီး ဒဏ်ရာရရှိခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *