အရေးပေါ်အခြေအနေကြေညာထားသည့် မြို့နယ်များ ၌ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုအပါအဝင် စစ်ခုံရုံးဖြင့်စစ်ဆေးမည့်ပြစ်မှုများကိုအသိပေး

နိုင်ငံတော်သမ္မတရုံးက အရေးပေါ်အခြေအနေကြေညာထားသည့် မြို့နယ်များ၌ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုအပါအဝင် စစ်ခုံရုံးဖြင့်စစ်ဆေးမည့်ပြစ်မှုများအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ စစ်အုပ် ချုပ်ရေးအမိန့်အမှတ် ၃ / ၂ဝ၂၆ ဖြင့် ဧပြီ ၂၃ ရက်က အသိပေးခဲ့သည်။

နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု(ရာဇသတ်ကြီးပုဒ်မ ၁၂၂)၊ အစိုးရကိုအကြည်ညိုပျက်အောင်ပြုလုပ်မှု(ရာဇသတ်ကြီးပုဒ်မ ၁၂၄-က)၊ တပ်မတော်(သို့)တရားဥပဒေစိုးမိုးရေးအဖွဲ့၏ ဆောင်ရွက်မှုကိုနှောင့်နှေးစေခြင်း(သို့)ပျက်ပြားစေခြင်း(ရာဇသတ်ကြီးပုဒ်မ ၁၂၄-ဂ)၊ တပ်မတော်သားများ(သို့)အစိုးရအမှုထမ်းများကို ဟန့်တားခြင်း(သို့)နှောက်ယှက်ခြင်း(ရာဇသတ်ကြီးပုဒ်မ ၁၂၄-ဃ)တို့အားကျူးလွန်ပါက စစ်ခုံရုံးဖြင့်စစ်ဆေးမည်ဖြစ်သည်။

ရာဇသတ်ကြီးပုဒ်မ ၅၀၅၊ အစိုးရဝန်ထမ်းတစ်ဦးအား ပြစ်မှုကျူးလွန်စေရန်တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ထိတ်လန့်စေခြင်း၊ သွေးထိုးလှုံ့ဆော်ခြင်း၊ မမှန်သတင်းများဖြန့်ခြင်း(ရာဇသတ်ကြီးပုဒ်မ ၅၀၅-က)၊ မတရားအသင်းအက်ဥပဒေအရပြစ်မှုများ၊ လက်နက်အက်ဥပဒေအရပြစ်မှုများ၊ လူသတ်မှု၊ လူ‌‌သေမှု၊ မုဒိမ်းမှု၊ လုယက်မှု၊ ဓားပြမှု၊ အဂတိလိုက်စားမှု၊ ၁၉၉၃ ခုနှစ်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရပြစ်မှုများကျူးလွန်ပါကလည်း စစ်ခုံရုံးဖြင့်စစ်ဆေးမည်ဖြစ်သည်။

ပြည်သူပိုင်ပစ္စည်းကာကွယ်ရေးအက်ဥပဒေအရပြစ်မှုများ၊ ၁၉၆၃ ခုနှစ်၊ အများနှင့်သက်ဆိုင်သောပစ္စည်းများကာကွယ်စောင့်ရှောက်ရေးဥပဒေအရပြစ်မှုများ၊ သတင်းမီဒီယာဥပဒေအရပြစ်မှုများ၊ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေအရပြစ်မှုများ၊ ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး(လတ်တလောပြဋ္ဌာန်းချက်များ)အက်ဥပဒေအရပြစ်မှုများ၊ အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေးဥပဒေအရပြစ်မှုများ၊ ရပ်ကွက်(သို့)ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေအရပြစ်မှုများ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရပြစ်မှုများကျူးလွန်ပါကလည်း စစ်ခုံရုံးဖြင့်စစ်ဆေးမည်ဖြစ်သည်။

အဆိုပါ ပြစ်မှုတစ်ခုခုကိုကျူးလွန်သူတစ်ဦးအား စစ်ခုံ ရုံးကပြစ်မှုထင်ရှားပါက တည်ဆဲဥပဒေများနှင့်အညီ ‌သေဒဏ်၊ နှစ်အကန့်အသတ်မရှိ အလုပ်နှင့်ထောင်ဒဏ်၊ သက်ဆိုင်ရာပြစ်မှုအလိုက် သတ်မှတ်ထားသော အမြင့်ဆုံးပြစ်ဒဏ်တို့ကိုချမှတ်နိုင်သော်လည်း ‌သေဒဏ် စီရင်ပါက ထိုသို့ စီရင်ခြင်းသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အတည်ပြုချက်၊ နှစ်အကန့်အ သတ်မရှိထောင်ဒဏ်စီရင်ပါကလည်း ထိုသို့ စီရင်ခြင်းသည် သက်ဆိုင်ရာ တိုင်းမှူးတို့၏အတည်ပြုချက်ရရှိမှသာအတည်ဖြစ်သည်။

ထို့ပြင် စစ်ခုံရုံးများကချမှတ်သော ဆုံးဖြတ်ချက်၊ ပြစ် ဒဏ်ချမှတ်ချက်များသည် အယူခံပိုင်ခွင့်မရှိဘဲ သေဒဏ်စီရင်ပါက ပြစ်ဒဏ်ချမှတ်ခံရသည့်နေ့မှ (၁၅)ရက်အတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ၊ အခြားပြစ်ဒဏ်ချမှတ်ခြင်းခံရပါက ပြစ်ဒဏ်ချမှတ်ခံရသည့်နေ့မှ(၁၅)ရက်အတွင်း သက်ဆိုင်ရာ တိုင်းမှူးထံသို့ပြင် ဆင်မှုလျှောက်ထားနိုင်သည်။

ထို့ကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(သို့) သက်ဆိုင်ရာ တိုင်းမှူးများသည် မိမိသဘောအလျောက်ပြင်ဆင်မှုဖွင့်နိုင်ကာ ပြင်ဆင်မှုစီရင်ပိုင်ခွင့်အရ ပြစ်မှုထင်ရှားစီရင်ခြင်းကိုပယ်ဖျက်ခြင်း၊ ပြစ်ဒဏ်ကိုလျော့ပေါ့စေခြင်း၊ ပြစ်ဒဏ်ကို ပို၍နိမ့်သောပြစ်ဒဏ်အမျိုးအစားသို့လျော့ပေါ့ပြောင်းလဲခြင်း၊ ပြစ်မှုထင်ရှားစီရင်ခြင်းကိုအတည်ပြုခြင်းတို့ပြုလုပ်နိုင်သည်။

ထို့အတူ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(သို့)သက် ဆိုင်ရာ တိုင်းမှူးများက မိမိသဘောအလျောက် ပြင်ဆင်မှုဖွင့်ဆောင်ရွက်ရာ၌ အထက်ပါ လုပ်ပိုင်ခွင့်များအပြင် ပြစ်ဒဏ်တိုးမြှင့်နိုင်သည်ဟု အသိပေးခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *