အီရန်နိုင်ငံက ၎င်းတို့အပေါ် အမေရိကန်နှင့်အစ္စရေးတို့ တိုက်ခိုက်မှုများတွင် ပူးပေါင်းပါဝင်ခဲ့သည့်နိုင်ငံများဖြစ်သည့် ဆော်ဒီအာရေဗျ ၊ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)၊ ဘာရိန်း၊ ကာတာနှင့် ဂျော်ဒန်နိုင်ငံတို့ထံမှ လျော်ကြေးတောင်းထားသည်ဟု သိရသည်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်နှင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီဥက္ကဋ္ဌ ဂျမယ်ဖားရက်စ်ထံသို့ ဧပြီ ၁၃ ရက်က ပေးပို့ခဲ့သည့်စာထဲတွင် အီရန်သံအမတ်ကြီး အမီဆာအိဒ် အီရာဗာနီက အဆိုပါ အာရပ်ငါးနိုင်ငံသည် အီရန်အပေါ် တိုက်ခိုက်မှုများကို လမ်းဖွင့်ပေးခဲ့ခြင်းကြောင့် ၎င်းတို့၏ နိုင်ငံတကာ တာဝန်ဝတ္တရားများကို ချိုးဖောက်ရာရောက်သည်ဟု ထောက်ပြခဲ့သည်။
ထို့ကြောင့် စစ်ပွဲအတွင်းဖြစ်ပေါ်ခဲ့သည့် နစ်နာဆုံးရှုံးမှုများအတွက် အဆိုပါနိုင်ငံများ၌ တာဝန်ရှိပြီး လျော်ကြေးပေးရမည်ဟု ၎င်းက တောင်းဆိုခဲ့သည်။
ထို့ပြင် အမေရိကန်စစ်တပ်က အီရန်ဆိပ်ကမ်းများ၏ အဝင်အထွက်ကို ပိတ်ဆို့ထားခြင်းကလည်း နိုင်ငံ၏အချုပ်အခြာအာဏာကို ပြင်းထန်စွာ ချိုးဖောက်နေခြင်းဟု သတိပေးထားသည်။
