အီရန်စစ်ပွဲသည် နေတန်ယာဟု၏ ရှင်သန်ရေးအတွက်ဖြစ်ပြီး ကမ္ဘာ့လူဦးရေ ၈ ဘီလီယံက ဒဏ်ခံနေရဟု သမ္မတ အာဒိုဂန် ပြင်းပြင်းထန်ထန် ဝေဖန်

တူရကီသမ္မတ အာဒိုဂန်သည် အင်္ဂါနေ့ (မတ်လ ၂၄ ရက်) က ပြုလုပ်ခဲ့သော အစိုးရအဖွဲ့ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် အရှေ့အလယ်ပိုင်း စစ်ပွဲနှင့် ပတ်သက်၍ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုအား ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်လိုက်သည်။

​     သမ္မတ အာဒိုဂန်က ယခုဖြစ်ပွားနေသော အီရန်စစ်ပွဲသည် အစ္စရေးနိုင်ငံ၏ လုံခြုံရေးအတွက်ထက် ဝန်ကြီး ချုပ် နေတန်ယာဟု၏ နိုင်ငံရေးအရ ဆက် လက်ရှင်သန်နိုင်ရေး (War for survival) အတွက်သာ ဖြစ်သည်ဟု တိုက်ရိုက်စွပ်စွဲခဲ့သည်။

​     “ပြီးခဲ့တဲ့ ၂၅ ရက်တာ ကာလအတွင်းမှာ ဒါဟာ အစ္စရေးရဲ့ စစ်ပွဲလို့ ဆိုကြပေမယ့် တကယ်တော့ ကမ္ဘာကြီးက ဒီအတွက် ပေးဆပ်နေရတာပါ။ ဒါဟာ နေတန်ယာဟုရဲ့ ရှင်သန်ရေးအတွက် စစ်ပွဲဖြစ်ပြီး ကမ္ဘာပေါ်က လူဦးရေ ၈ ဘီလီယံက ဒီစစ်ပွဲရဲ့ ကုန်ကျစရိတ် ဒဏ်ကို ခံနေရတာဖြစ်ပါတယ်” ဟု အာဒိုဂန်က ဆို သည်။

     လက်ရှိဖြစ်ပွားနေသော ပဋိပက္ခ၏ နောက်ဆက်တွဲဆိုးကျိုးများသည် ဒေသတစ်ခုတည်းတွင်သာ ကန့် သတ်မနေဘဲ “အစ္စရေးကြောင့် တစ်ကမ္ဘာလုံးက ရင်း နှီးပေး ဆပ်နေရသည်” ဟု အာဒိုဂန်က ဆိုသည်။ ၎င်းက ယခုစစ်ပွဲကြောင့် တစ်ကမ္ဘာလုံးတွင် ခံစားနေရသည့် စီးပွားရေး၊ နိုင်ငံရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရိုက်ခတ်မှုများကို မီးမောင်းထိုးပြခဲ့ခြင်းဖြစ်သည်။

​     အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် အထူးသဖြင့် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) ပိတ်ဆို့မှုများနှင့် စွမ်းအင်စျေးကွက် မတည်ငြိမ်မှုများကြောင့် တစ်ကမ္ဘာလုံးရှိ စားသုံးသူများမှာ စက်သုံးဆီစျေးနှုန်း မြင့်တက်မှုနှင့် ကုန်စျေးနှုန်းဒဏ်ကို ခံစားနေရခြင်းကို အာဒိုဂန်က ရည်ညွှန်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

     နေတန်ယာဟု ဦးဆောင်သော “လူသတ်ကွန်ရက်” ကို ဒေသတွင်း ငြိမ်းချမ်းရေးနှင့် လူသားမျိုးနွယ်အတွက် ချက်ချင်းရပ်တန့်ရမည်ဖြစ်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ပြတ်သားသော ရပ်တည် ချက်ယူရန် တောင်းဆိုခဲ့သည်။

     တူရကီနိုင်ငံအနေဖြင့် ယခုစစ်ပွဲအတွင်းသို့ ပါဝင်ပတ်သက်ခြင်း မရှိစေရန်နှင့် “မီးကွင်း” (Ring of Fire) အပြင်ဘက်တွင်သာ ရှိနေစေရန် အစွမ်းကုန် ကြိုးပမ်းသွားမည်ဟု အာဒိုဂန်က ထပ်လောင်း အတည်ပြုခဲ့သည်။

     တူရကီအစိုးရသည် အမေရိကန်နှင့် အီရန်တို့အကြား တင်းမာမှုများ လျော့ကျစေရန်အတွက် ကြားဝင်စေ့စပ်ပေးသည့် အခန်းကဏ္ဍမှလည်း ပါဝင်ဆောင် ရွက်နေကြောင်း သိရသည်။

     သမ္မတ အာဒိုဂန်၏ ပြောကြားချက်သည် အစ္စရေးအစိုးရအပေါ် တူရကီ၏ အပြင်းထန်ဆုံး ဝေဖန်ချက်များအနက် တစ်ခုဖြစ်ပြီး၊ စစ်ပွဲကြောင့် ဖြစ်ပေါ်လာသည့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အကျပ်အတည်းအတွက် နေတန်ယာဟုတွင် တာဝန်ရှိကြောင်း သတိပေးထောက်ပြလိုက်ခြင်း ဖြစ်သည်။

     အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုကလည်း အာဒိုဂန်ကို “ဟားမတ်စ် အကြမ်းဖက်သမားတွေကို ထောက်ခံအားပေးနေသူ” လို့ ယခင်က စွပ်စွဲလေ့ရှိသည်။ နေတန်ယာဟုက “ကိုယ့်နိုင်ငံအတွင်းက ကာ့ဒ် (Kurd) ရွာတွေကို ဗုံးကြဲနေပြီး အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်နေတဲ့ အာဒိုဂန်အနေနဲ့ အစ္စရေးကို လူ့အခွင့် အရေးအကြောင်း လာရောက်သင်ကြားပေးဖို့ မလိုဘူး” လို့ ယခင်က ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ဖူးပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *