




မကွေးတိုင်းဒေသကြီး၊ မင်းဘူး (စကု) မြို့နယ်၊ မန်းရွှေစက်တော်ဘုရားကြီးအနီးရှိ ရွှေစက်တော်မန်းချောင်းအပန်းဖြေဆင်စခန်း၌ ယခုနှစ် မန်းရွှေစက်တော်ဘုရားပွဲကာလတွင် ဆင်ပြတိုက် (Elephant Museum) ကို ဖွင့်လှစ်၍ အများပြည်သူ ဗဟုသုတရရှိနိုင်မည့် ဆင်နှင့်ပတ်သက်သည့် အချက်အလက်များ ရုပ်လုံးသွင်း ဆင်ရုပ်ထုနှင့် ဆင်အသုံးအဆောင်ပစ္စည်များကို ခင်းကျင်းပြသပေးသွားမည်ဖြစ်ကြောင်း ဒေသဆိုင်ရာသတင်းအရ သိရသည်။
အဆိုပါ ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းကို မန်းရွှေစက်တော်ဘုရားကြီးအနီး ပဒေါင်း-ပျော်ဘွယ် ကြိုးပြင်ကာကွယ်တောအတွင်း၌ သဘာဝတောတောင်ရေမြေနှင့် စိမ်းစိုသာယာလှပသော သဘာဝရှုခင်းအလှများကို အခြေခံ၍ မြန်မာ့သစ်လုပ်ငန်း၊ မင်းဘူးသစ်ထုတ်ရေးဒေသ၊ ဆင်ထိန်းသိမ်း စောင့်ရှောက်ရေးအခြေပြု ခရီးသွားလုပ်ငန်းမှ ပြည်တွင်း/ပြည်ပခရီးသွားများအား ဆွဲဆောင်နိုင် စေရန်၊ ခရီးသွားဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်နှင့် အစိမ်းရောင်စီးပွားရေးစနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ဖွင့်လှစ်ထားခြင်းဖြစ်သည်။
ယင်းဆင်ပြတိုက်(Elephant Museum)ကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ပေ(၅၀ x ၃၀)အရွယ်အစားရှိ RC တစ်ထပ်ဆောင်ကို ဆောက်လုပ်ခွင့်ပြုပေးခဲ့ပြီး ဆင်ပြတိုက်ထဲတွင် ဆင်ကျောက်ဖြစ်ရုပ်ကြွင်းများ၊ ဆင်စွယ်တပ်ဆင်ထားသော ဆင်အမျိုးအစားခွဲခြားသည့် ဆင်ခေါင်းရုပ်ထုများ၊ ဆင်များတပ်ဆင်အသုံးပြုသည့် အသုံးဆောင်ပစ္စည်များ၊ ဆင်ဖမ်းနည်းသရုပ်ပြကွက်၊ တရားမဝင်ရောင်းဝယ်ခွင့်မပြုသည့် ဆင်စွယ်တို့ဖြင့် ပြုလုပ်ထားသော မြန်မာ့အနုပညာလက်ရာပစ္စည်းများ၊ တောဆင်များတွင် တပ်ဆင်သည့် ခြေရာခံလည်ပတ် (Radio Collar) နှင့် ကင်မရာထောင်ချောက်၊ ဆင်ရုပ်လုံးသွင်းရုပ်ထုစသည့် ဆင်နှင့်ပတ်သက်သော ပစ္စည်းများကို ခင်းကျင်းပြသပေးသွားမည်ဖြစ်သည်။
ဆင်စခန်းဖွင့်လှစ်ချိန်ကို နေ့စဉ် နံနက် ၇ နာရီမှ ညနေ ၆ နာချိန်ထိ သတ်မှတ်ထားကာ ဆင်စခန်းရှိ တည်းခိုဆောင်များ၌ ညအိပ်တည်းခိုနားနေနိုင်ပြီး ပြည်တွင်းခရီးသွားတစ်ဦးလျှင် ဆင်စခန်းဝင်ကြေး ၁၀၀၀ ကျပ်နှင့် ခရီးတိုဆင်စီးခ ၅၀၀၀ ကျပ်နှုန်း၊ ပြည်ပ နိုင်ငံခြားသားတစ်ဦးလျှင် ဝင်ကြေး ၁၀၀၀၀ ကျပ်နှင့် ခရီးတိုဆင်စီးခ ၁၀၀၀၀ ကျပ်နှုန်း၊ တည်းခိုဆောင်အနေဖြင့် VIP တည်းခိုဆောင် (၄) လုံးနှင့် ဘန်ဂလို (၁၁) လုံးရှိကြောင်း သိရသည်။
အဆိုပါ ဘန်ဂလိုတည်းခိုဆောင် တစ်လုံးအတွက် တစ်ရက်လျှင် ငှားရမ်းခ ၄၀၀၀၀ ကျပ်နှုန်းနှင့် VIP တည်းခိုဆောင် တစ်လုံးအတွက် တစ်ရက်လျှင် ငှားရမ်းခ ၇၀၀၀၀ ကျပ်နှုန်းတို့ဖြင့် အသီးသီးသတ်မှတ်ထားကြောင်း၊ ထို့အပြင် ဆင်စာဘူဖေးကို မိမိတို့ တတ်နိုင်သောနှုန်းထားဖြင့် ဆင်စာများ ဝယ်ယူကျွေးမွေးလှူုဒါန်းနိုင်ကြောင်း သိရသည်။
မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်း၊ သစ်ထုတ်ရေးဌာန၊ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးအခြေပြု ခရီးသွားလုပ်ငန်း Elephant Conservation Based Tourism (ECBT) စခန်း(၂၄)ခုကို ဖွင့်လှစ်ထားရှိပြီး ရွှေစက်တော်မန်းချောင်း အပန်းဖြေဆင်စခန်းတွင် ပဉ္စမမြောက်အဖြစ် ဆင်ပြတိုက်(Elephant Museum)ကို ထည့်သွင်းခင်းကျင်းပြနိုင်သည့် အပန်းဖြေ ဆင်စခန်းတစ်ခုဖြစ်ကြောင်းလည်း သိရသည်။
