အာဆင်နယ် နှင့် ဘရိုက်တန် (မြန်မာစံတော်ချိန် ကြာသပတေးနံနက် ၂း၁၅ နာရီ)
အာဆင်နယ်အသင်းက လက်ရှိအချိန်မှာ ပြိုင်ပွဲစုံ(၇)ပွဲဆက်တိုက်အနိုင်ရရှိထားသလို၊ ဘရိုက်တန်ကလည်း မန်ယူကို ရှုံးနိမ့်ခဲ့ပေမဲ့ ချယ်လ်ဆီး၊ နယူးကာဆယ်တို့ကို အနိုင်ယူခဲ့တဲ့ ခြေစွမ်းက လေးစားလောက်တဲ့အဆင့်မှာ ရှိပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ ပြီးခဲ့တဲ့ရာသီတုန်းကလည်း ဘရိုက်တန်ကို ပရီးမီးယားလိဂ်နှစ်ကျော့စလုံး သရေသာကစားနိုင်ခဲ့ပါတယ်။ အာဆင်နယ်အသင်း အိမ်ကွင်းမှာ ကပ်နိုင်ရုံလောက်ပဲ ဖြစ်မယ်ထင်တယ်။
လီဗာပူးလ် နှင့် ခရစ္စတယ်ပဲလေ့စ် (မြန်မာစံတော်ချိန် ကြာသပတေးနံနက် ၂း၁၅ နာရီ)
ရလဒ်ဆိုးတွေနဲ့ ရင်ဆိုင်နေရတဲ့ လီဗာပူးလ်အတွက် ဘူးလေးရာဖရုံမဆင့်အောင် ကြိုးစားရမယ့်အခြေအနေပါ။ ပဲလေ့စ်က ပရီးမီးယားလိဂ်ဆုံတွေ့မှုမှာ အနိုင်ယူပြီး လီဗာပူးလ်အသင်းကို ရှုံးပဲတွေဆီ စတင်တွန်းပို့ခဲ့တဲ့ ပြိုင်ဘက်ဖြစ်နေပါတယ်။ ကွန်မြူနတီဒိုင်းမှာတုန်းကလည်း လီဗာပူးလ် အရှုံံးပေးခဲ့ရပါတယ်။ ပဲလေ့စ်က လောလောဆယ် (၄)ပွဲဆက်တိုက် နိုင်ပွဲပျောက်ထားပေမဲ့ လီဗာပူးလ်ကို ဒုက္ခပေးနိုင်စွမ်းရှိနေပါတယ်။ မိနစ် (၉၀)အတွင်း အဖြေမပေါ်နိုင်ပါဘူး။
ဆွမ်ဆီး နှင့် မန်စီးတီး (မြန်မာစံတော်ချိန် ကြာသပတေးနံနက် ၂း၁၅ နာရီ)
မန်စီးတီးကတော့ ပရီးမီးယားလိဂ်ထိပ်သီးတွေထဲမှာ ပွဲအချောင်ဆုံးဖြစ်ပြီး လိဂ်ချန်ပီယံရှစ်ကလပ်နဲ့သာ ဆုံတွေ့ခဲ့တာပါ။ အက်စတွန်ဗီလာကို ရှုံးနိမ့်ထားတဲ့အတွက်လည်း မန်စီးတီး ပြန်ပေါက်ကွဲပြဖို့ ရှိနေပါတယ်။ ဆွမ်ဆီးနဲ့ ဆုံတွေ့ခဲ့တဲ့ ပြိုင်ပွဲစုံနောက်ဆုံး(၄)ပွဲဆက် တစ်ပွဲကို အနည်းဆုံး(၃)ဂိုးသွင်းခဲ့တဲ့ မန်စီးတီးအသင်း ဒီပွဲမှာလည်း အဲဒီအစဉ်အလာကို ဆက်ထိန်းနိုင်ပါလိမ့်ဦးမယ်။
ဝုလ်ဗ် နှင့် ချယ်လ်ဆီး (မြန်မာစံတော်ချိန် ကြာသပတေးနံနက် ၂း၁၅ နာရီ)
ဝုလ်ဗ်က တန်းတက်နှစ်သင်းကို ဆက်တိုက်အရှုံးပေးခဲ့ရသလို၊ ချယ်လ်ဆီးကလည်း ပြီးခဲ့တဲ့ပွဲစဉ်မှာ ဆန်းဒါးလန်းကို အရေးနိမ့်ခဲ့ပါတယ်။ ဝုလ်ဗ်က ချယ်လ်ဆီးကို ဒုက္ခပေးတတ်တဲ့ အစဉ်အလာရှိပေမဲ့ လက်ရှိခြေစွမ်းအရတော့ ချယ်လ်ဆီးပဲ အနိုင်ရမှာပါ။
နယူးကာဆယ် နှင့် စပါး (မြန်မာစံတော်ချိန် ကြာသပတေးနံနက် ၂း၃၀ နာရီ)
ပရီးမီးယားလိဂ်အင်အားကြီးနှစ်သင်းရဲ့ ဆုံတွေ့မှုဖြစ်ပြီး စပါးအသင်းကတော့ နည်းပြသစ်နဲ့အတူ တက်တက်ကြွကြွပိုရှိနေပါတယ်။ ဒါပေမဲ့ နောက်ပိုင်းဆုံတွေ့မှုတွေမှာ အသာစီးပိုရလာပြီး အိမ်ကွင်းလည်းဖြစ်နေတဲ့ နယူးကာဆယ်ကိုပဲ ရွေးချယ်ချင်ပါတယ်။
Photos: Carabao Cup, X
CRD/ELEVEN
