၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ၊ အခြေခံပညာ ကျောင်းသား အားကစားပွဲတော်ဖွင့်ပွဲကို ယနေ့ညနေပိုင်းတွင် တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ အားကစားကွင်း၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်စိုးလှိုင်နှင့် တာဝန်ရှိသူများ၊ ပြည်နယ် အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ၊ ပြည်နယ်ပညာရေးမှူး(ရုံးခွဲ) ညွှန်ကြားရေးမှူး၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန် ရှိသူများ၊ ပညာရေးမှူးများ၊ ဆရာ/ဆရာမများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစား သမားများ၊ ကျောင်းသားမိဘများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြ သည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ပြိုင်ပွဲဝင်အသင်းများက အားကစားသစ္စာအဓိဋ္ဌာန် ကို ရွတ်ဆိုကြသည်။ ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများသည် ကျိုင်းတုံမြို့ပေါ် ရှိ အခြေခံပညာကျောင်းများနှင့် ကိုယ်ပိုင် ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ များက ကာယလေ့ကျင့်ခန်း အတွဲ(၃၊ ၄)နှင့် Fitness Exercises သရုပ်ပြမှု၊ အမျိုးသား ဘောလုံးပြိုင်ပွဲ အဖွင့်ပွဲစဉ်ဖြစ်သည့် ကျိုင်းတုံမြို့နယ် ကိုယ်စားပြုအသင်းနှင့် တာချီလိတ်မြို့နယ် ကိုယ်စားပြုအသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှု အားပေးကြသည်။
အဆိုပါ အခြေခံပညာကျောင်းသား အားကစားပွဲတော်ကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) တွင် ပထမဆုံးအကြိမ်အဖြစ်ကျင်းပ ခြင်းဖြစ်ပြီး မြို့နယ်အသီးသီးရှိ အခြေခံပညာ ကျောင်းများမှ ကိုယ်စားပြုအသင်း ၇ သင်း မှ အားကစားနည်း ၇ နည်းဖြင့် စက်တင်ဘာလ ၂၂ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
