
ထိုင်းနိုင်ငံမြောက်ပိုင်းဒေသများကို ဖြတ်ကျော်ဝင်ရောက်လျက်ရှိသည့် လေဖိအားနည်းဆဲလ်၏အရှိန်ကြောင့် ဩဂုတ်လ၂၆ ရက်နေ့ညပိုင်းနှင့် ယနေ့ နေ့လယ်ပိုင်းအထိမိုးအဆက်မပြတ်ရွာသွန်းကာနေပြည်တော်ကောင်စီနယ်မြေအပါအဝင်တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးတို့ရှိ နေရာအချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိသည်။
ထိုသို့ဖြစ်ပေါ်လျက်ရှိရာ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိဇေယျာသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးကားလမ်းဟောင်း၊ ပင်လောင်းလမ်းဆုံအနီး ကားလမ်းမပေါ်နှင့် ပျဉ်းမနားမြို့နယ်၊ ကြို့တန်းကျေးရွာ၊ အင်းသာကျေးရွာ၊ သာယာစုကျေးရွာတို့၌ ရေကြီးရေလျှံမှုများနှင့် ရေကျော်မှုများ ဖြစ်ပေါ်လျက်ရှိသည့်အတွက် နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ပြည်သူ့လုံခြုံရေးနှင့်အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်များမှပြည်သူများဘေးအန္တရာယ်မရှိစေရန်၊ သွားလာမှု အခက်အခဲမရှိစေရန်နှင့် အဆင်ပြေချောမွေ့စေရန် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသည်။
ထို့ပြင်ကျန်းမာရေးနှင့်ဆေးအကာအကွယ်ပေးရေးအဖွဲ့များ၊ ကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် လူမှုရေးအသင်းအဖွဲ့များသည် လူနာတင်ယာဉ်များ၊ ဆေးဝါးပစ္စည်းများ၊ စက်လှေများ၊ ကူညီကယ်ဆယ်ရေးပစ္စည်းများဖြင့် လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီဆောင်ရွက်နိုင်ရေးအတွက် အသင့်စုဖွဲ့ပြင်ဆင်ထားကြောင်း သတင်းရရှိသည်။
