တပ်မတော်ဘက်မှ စနိုက်ပါလက်ဖြောင့် သေနတ်သမားများကြောင့် KNU တပ်မဟာ (၅) တွင် ထိခိုက်သေဆုံးမှုများ များပြားလျက်ရှိ

ယခုလတ်တလော KNU တပ်မဟာ (၅)၊ ရင်း-၁၀၂ နှင့်၊ တပ်မဟာ(၁) မှ ထုတ်နုတ်အင်အားများ၊ PDF များ လှုပ်ရှားနေသည့် ဖာပွန်နယ်မြေတွင် တပ်မတော်ဘက်မှ စနိုက်ပါများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ထိခိုက်သေဆုံးမှုများ များပြားနေကြောင်း PDF ထဲမှာ ရောက်ရှိနေတဲ့ အမာခံ သတင်းပေးများထံမှ သိရှိရပါတယ်။

တပ်စခန်းများအား ရင်ဆိုင်ထိန်းချုပ်ထားသော ရင်း-၁၀၂ မှ KNU တပ်ဖွဲ့များအနေဖြင့် နေ့စဉ်နီးပါး စနိုက်ပါသေနတ်သမားများ၏ ပစ်ခတ်မှုကို ခံနေရသည့်အတွက် စိုးရိမ်ကြောက်လန့် လျက်ရှိကြောင်း၊ စနိုက်ပါဖြင့်ပစ်ခတ်ခံရမှုကြောင့် ဇူလိုင်လအတွင်း သေဆုံးသူ (၁၃) ဦး၊ ဒဏ်ရာရသူ (၅) ဦး၊ ဩဂုတ်လအတွင်း သေဆုံးသူ (၂၁) ဦး၊ ဒဏ်ရာရသူ (၂) ဦး၊ စုစုပေါင်း သေဆုံးသူ (၃၄) ဦး၊ ဒဏ်ရာရသူ (၇) ဦး ရှိခဲ့ပြီ ဖြစ်ပါတယ်။

စနိုက်ပါအပစ်ခံရမှုကြောင့် သေဆုံးမှုများအား ရင်း-၁၀၂ မှ တပ်မဟာ(၅) သို့ မတင်ပြရဲဘဲ စစ်တပ်မှ လက်နက်ကြီးများ၊ ဒရုန်းများဖြင့် တိုက်ခိုက်မှုကြောင့် သေဆုံးခြင်းဖြစ်ကြောင်း လိမ်ညာတင်ပြလျက်ရှိပါတယ်။

စစ်တပ်ဘက်မှ စနိုက်ပါသမားများဟာ ဘယ်ကပစ်မှန်းမသိအောင် လျှို့ဝှက်စွာ နေရာယူပစ်ခတ်နေပြီး ပစ်မှတ်များအား တိကျသေချာစွာ ပစ်ခတ်နိုင်သဖြင့် အထူးလေ့ကျင့်ထားသည့် စနိုက်ပါသမားများ ဖြစ်နိုင်သောကြောင့် KNU တပ်မဟာ (၅) ဗဟိုဌာနချုပ်မှ တန်ပြန်လက်ဖြောင့် သေနတ်သမားများ ထားရှိကာ တုံ့ပြန်ပစ်ခတ်ရန် ဖိအားပေးစေခိုင်းလျက်ရှိကြောင်း သိရှိရပါတယ်။

အမာခံသတင်းပေး၏ ပြောကြားချက်အရ “ဇူလိုင်လ ၃၀ ရက်နေ့က ကုန်းပေါ်မှာ ကင်းစောင့်နေတဲ့ ဖောချဲနှင့် စောမရိုတို့ နှစ်ဦးဟာ ကင်းချိန်းချိန်မှာ ပြန်ရောက်မလာတဲ့အတွက် သွားကြည့်တဲ့အချိန်မှာ နှစ်ယောက်လုံး ခေါင်းမှာ သေနတ်မှန်ထားပြီး လဲကျသေဆုံးနေတာကို တွေ့ရပါတယ်။ သေနတ်သံကြားလိုက်ပေမယ့် ဘယ်ကပစ်မှန်း၊ ဘယ်ကို ပစ်မှန်းတောင် မသိလိုက်ပါဘူးလို့” ဖြစ်စဉ်ကိုပြောပြခဲ့ပါတယ်။

KNU ရင်း-၁၀၂ အတွင်း စနိုက်ပါထိခိုက်သေဆုံးမှုများ၊ တပ်လှုပ်ရှားမှုများ၊ သတင်းများ မကြာခဏ ပေါက်ကြားနေသည့်အတွက် CDM စစ်ပြေးအယောင်ဆောင်ပြီး PDF အတွင်း ရောက်ရှိနေသူများကို စိစစ်ဖော်ထုတ် အရေးယူလျက်ရှိကြောင်း သိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *