အပစ်အခတ်ရပ်စဲရေးထိန်းသိမ်းမှု ဆွေးနွေးရန် မလေးရှားတွင် အကြိုတွေ့ဆုံ ဆွေးနွေး

ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ ကာကွယ်ရေးဆိုင်ရာတာဝန်ရှိသူများသည် ဩဂုတ် ၇ ရက်တွင် မလေးရှားနိုင်ငံ၌ ကျင်းပမည့် ဝန်ကြီးများအဆင့်အစည်းအဝေးမတိုင်မီ၊ ဩဂုတ် ၄ ရက်တွင် အကြိုဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း AsiaOne သတင်းဌာနက ဖော်ပြသည်။

ထိုင်းနှင့် ကမ္ဘောဒီးယားတို့အကြား နယ်စပ်ပဋိပက္ခကြောင့် ၅ ရက်ကြာတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ဩဂုတ် ၂၈ ရက်တွင် မလေးရှားနိုင်ငံ၌ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့သည်။ ထိုသဘောတူညီချက်အပေါ် အမြန်ဆုံးအကောင်အထည်ဖော်နိုင်ရေးအတွက် ဆွေးနွေးမှုများ ဆက်လက်ပြုလုပ်နေခြင်းဖြစ်သည်။

လက်ရှိအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အတိုင်း ထိန်းသိမ်းမှုဆိုင်ရာ စီမံချက်များ ဆွေးနွေးရန်အတွက် နှစ်နိုင်ငံအကြား အထွေထွေနယ်စပ်ရေးရာကော်မတီ (General Border Committee – GBC) အစည်းအဝေးကိုပြုလုပ်ရန် အာဏာပိုင်များက သဘောတူခဲ့ကြသည်။ ထိုအစည်းအဝေးသို့ အမေရိကန်၊ တရုတ်နှင့် မလေးရှားနိုင်ငံများမှ ကိုယ်စားလှယ်များက လေ့လာသူအဖြစ် တက်ရောက်မည်ဟု သိရသည်။

ကမ္ဘောဒီးယားနိုင်ငံက ထိုင်းအစိုးရအား အပစ်အခတ်ရပ်စဲရေးသဘောတူညီမှုကို ချိုးဖောက်နေသည်ဟု စွပ်စွဲခဲ့ပြီး၊ အငြင်းပွားနေသောနယ်စပ်တလျှောက် သံဆူးကြိုးကာရံမှုများ ပြုလုပ်ခဲ့ကြောင်းလည်း သတင်းများက ဆိုသည်။ ထို့ပြင် ထိုင်းနိုင်ငံက ဖမ်းဆီးထားသည့် ကမ္ဘောဒီးယားတပ်ဖွဲ့ဝင် ၁၈ ဦးကို လွှတ်ပေးရန် တောင်းဆိုခဲ့သော်လည်း ထိုင်းအစိုးရက “ထိန်းသိမ်းမှုကောင်းမွန်သည်” ဟုရှင်းလင်းကာ၊ ပဋိပက္ခတိတ်ဆိတ်သွားသည်နှင့်တပြေးညီ ပြန်လွှတ်ပေးမည်ဟု ပြောကြားခဲ့သည်။

သတင်းအရ စစ်ရေးပဋိပက္ခတွင် အမြောက်နှင့် ဂျက်တိုက်လေယာဉ်များ အသုံးပြုခဲ့ကြပြီး၊ နယ်စပ်ဒေသမှ ပြည်သူ ၄၃ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၃ သိန်းကျော် နေရပ်ပြောင်းရွှေ့ရသည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *