မြန်မာတစ်နိုင်ငံလုံးတွင် အရေးပေါ်အခြေအနေကြေညာခြင်းကို ရုတ်သိမ်းလိုက်ခြင်းနှင့်ပတ်သက်၍ သတင်းစာဆရာ တစ်ဦး၏မေးမြန်းချက်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Guo Jiakun က ယခုလိုဖြေကြားခဲ့ပါတယ်။
“မြန်မာနိုင်ငံ၏မိတ်ဆွေကောင်းနိုင်ငံ အိမ်နီးချင်းတစ်ဦးအနေဖြင့် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုများကို အနီးကပ်စောင့်ကြည့်လျက်ရှိပါသည်။ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ တည်ငြိမ်မှုထိန်းသိမ်းနိုင်ရန်နှင့် ငြိမ်းချမ်းစွာပြန် လည်ရင်ကြားစေ့ရေးတို့အတွက် ထောက်ခံပါသည်။ ထို့ပြင် နိုင်ငံ၏အခြေအနေနှင့်ကိုက်ညီသော ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းကို လိုက်ပါလျှောက်လှမ်းရန်နှင့် ပြည်တွင်းနိုင်ငံရေးကိစ္စများကို တည်ငြိမ်စွာဆောင်ရွက်သွားရန်ကိုလည်း တရုတ်နိုင်ငံက ထောက်ခံပါသည်။ မြန်မာနိုင်ငံရှိပါတီများနှင့် အဖွဲ့အစည်းများအနေဖြင့် သဘောထားကွဲလွဲမှုများကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဥပဒေဘောင်အတွင်း နိုင်ငံရေးနည်းလမ်းများဖြင့် ကောင်းမွန်စွာ ဖြေရှင်းဆောင်ရွက်မှုကို ကြိုဆိုကြောင်း ပြောကြားလိုပါသည်”
“တရုတ်နိုင်ငံသည် အခြားနိုင်ငံများ၏ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးမူကို အခိုင်အမာလိုက်နာပါသည်။ မြန်မာနိုင်ငံရှိပါတီများ၏လိုအပ်ချက်အရ ငြိမ်းချမ်းရေးဆွေးနွေးပွဲများကို ဆက်လက်မြှင့်တင်ရန်နှင့် မြန်မာနိုင်ငံတွင် တည်ငြိမ်မှုပြန်လည်ရရှိရေးအတွက် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ရန်အသင့်ရှိပါသည်” ဟု ဖော်ပြထားသည်။
