-ဇူလိုင်လ ၆ ရက် ၀၈၀၀ နာရီတွင် ကျွန်းစုမြို့နယ်၊ မဲတောကျေးရွာသို့ လက်နက်ငယ်များ ကိုင်ဆောင်ထားသော PDF အကြမ်းဖက်အဖွဲ့မှ သန့်ဇင်ထိုက်(ခ)ထိုက်ငယ် ခေါင်းဆောင် အင်အား ၄၀ ဦးခန့်သည် ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး ကျေးရွာအတွင်း နေထိုင်သော ရစဖမှူး ဦးအောင်မြင့်(၆၀)နှစ်နှင့် မိသားစုဝင် ၅ ဦးအား ဖမ်းဆီးခေါ်ဆောင်၍ ချောင်းကြီးဝကျေးရွာ သင်္ချိုင်းအနီးအရောက်၌ ဦးအောင်မြင့်အား သေနတ်ဖြင့် ပစ်ခတ် သတ်ဖြတ်ခဲ့ပြီး မိသားစုဝင်များအား ကျေးရွာသို့ ပြန်လည်စေလွှတ်ခဲ့ကြောင်း သိရှိရ။
-ဇူလိုင်လ ၆ ရက် ၀၉၃၀ နာရီတွင် သရက်ခရိုင်လမ်းဦးစီးဌာနမှ လ/ထ ညွှန်ကြားရေးမှူး ဦးဉာဏ်ဖြိုးလင်း(၄၅)နှစ်နှင့် စာရင်းကိုင်(၃)ဖြစ်သူ ဒေါ်ဖြိုးစန္ဒာမျိုး(၄၄)နှစ်တို့သည် ရုံးကိစ္စဆောင်ရွက်ရန် သရက်မြို့မှ မကွေးမြို့ရှိ လမ်းဦးစီး ဌာနသို့ ယာဉ်မောင်း ဦးဟိန်းမင်းဖြိုး(၃၆)နှစ်၊ တို့ထွက်ခွာလာစဉ် မင်းလှမြို့နယ်၊ လင်းကယ်ကျေးရွာအနီး၊ သရက် – မင်းလှ သွားကားလမ်း အရောက်၌ အကြမ်းဖက်အဖွဲ့ဝင် ၃ ဦးမှ လက်နက်ငယ်များဖြင့် ပစ်ခတ်၍ လက်ခုပ်ပင် ကျေးရွာဘက်သို့ ထွက်ပြေးသွားခဲ့ရာ ယာဉ်မောင်း ဟိန်းမင်းဖြိုးတွင် ဝဲနံစောင်း ကျည်ဖောက်ဝင်ဒဏ်ရာ(စိုးရိမ်ရ) ရရှိခဲ့သဖြင့် လင်းကယ်တိုက်နယ်ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူနေစဉ် ဟိန်းမင်းဖြိုးသည် ၁၁၀၅ နာရီတွင် ရရှိဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း သိရှိရ။
-ဇူလိုင်လ ၆ ရက် ၀၈၄၅ နာရီတွင် နွားထိုးကြီးမြို့နယ်၊ ကန်နားကျေးရွာတွင်နေထိုင်သော ဦးစောဝင်း(၅၆)နှစ်နှင့် ဦးအောင်ကျော်မျိုး(၄၀)နှစ်တို့သည် ကျေးရွာအတွင်းရှိ “မျိုးထွန်း” လက်ဖက်ရည်ဆိုင်၌ နံနက်စာစားနေစဉ် လက်နက်ငယ်များကိုင်ဆောင်ထားသော အကြမ်းဖက်အဖွဲ့ အင်အား ၂၀ ဦးခန့် ရောက်ရှိ လာပြီး ဦးစောဝင်းနှင့် ဦးအောင်ကျော်မျိုးတို့အား တံတားဦးမြို့နယ်၊ ဒေါင်းဦးကျေးရွာဘက်သို့ ဖမ်းဆီးခေါ်ဆောင် သွားကြောင်း သိရှိရ။
-ဇူလိုင်လ ၆ ရက် ၁၉၃၀ နာရီတွင် ရေနံချောင်းမြို့နယ်၊ အရှေ့ကုန်းကျေးရွာတွင် နေထိုင်သော ဦးကြည်ထွန်း၏ နေအိမ်သို့ လက်နက်ငယ်များကိုင်ဆောင်ထားသော PDF အကြမ်းဖက်အဖွဲ့ အင်အား ၁၃ ဦးခန့်သည် မော်တော်ယာဉ် ၁ စီး၊ ဆိုင်ကယ် ၅ စီးဖြင့် ရောက်ရှိလာပြီး ဦးကြည်ထွန်းအား ရှာဖွေရာ တွေ့ရှိခြင်းမရှိသဖြင့် ဦးကြည်ထွန်း၏ အစ်မ ဖြစ်သူ ဒေါ်အေးသင်း(၅၄)နှစ်နှင့် ၎င်း၏ခင်ပွန်းဖြစ်သူ ဦးအောင်သိန်းနိုင်(၅၄)နှစ်တို့အား နတ်မောက်မြို့နယ် ဘက်သို့ ဖမ်းခေါ်သွားခဲ့ကြောင်းသိရှိရ။
