မိုးဗြဲမြို့ကို သိမ်းနိုင်ဖို့ ၂၀၂၁ နှစ်ဝက်လောက်ကစတင်တိုက်ခိုက်ပြီး ၂၀၂၃ နိုဝင်ဘာလထဲမှာ မြို့ပေါ်ဧရိယာအားလုံးရပြီး တစ်နှစ်ခွဲလောက်ကြာအောင်ထိန်းချုပ်ထားပေမယ့် တပ်မတော်ရဲ့ အချိန်ခြောက်လကြာ ထိုးစစ်အတွင်းမှာ ကယားလက်နက်ကိုင်နဲ့ PDF ရာချီသေဆုံးအပြီး မိုးဗြဲမြို့ကိုလက်လွှတ်လိုက်ရပေမဲ့ ပြန်သိမ်းမယ်လို့ မိုးဗြဲကယ်ဆယ်ရေးတပ် (MPRT) က ကြုံးဝါးထားပါတယ်။
တပ်မတော်စစ်ကြောင်းတွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းမှာ မိုးဗြဲမြို့ကိုသိမ်းနိုင်ဖို့ ထိုးစစ်ဆင်လာတာကြောင့် ပြီးခဲ့တဲ့ ၂၀၂၅ ဇန်နဝါရီကနေ ဇွန် ၃၀ ရက်အထိ ခြောက်လအတွင်းမှာ ကယားလက်နက်ကိုင်တွေနဲ့ PDF ပူးပေါင်းတပ်ဘက်က ၁၂၇ ဦးသေဆုံးတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု(PKPF) က ပြောခဲ့ပါတယ်။ ကယားဒေသမှာ တိုက်ပွဲအများစုက မိုးဗြဲမှာပဲ ဖြစ်ခဲ့တာဖြစ်လို့ ကယားလက်နက်ကိုင်တွေနဲ့ PDF တွေ ဒီနှစ်ခြောက်လအတွင်း သေဆုံးမှုတွေရဲ့ အများစုက မိုးဗြဲမှာဖြစ်ခဲ့တာလို့ MT News က သိရပါတယ်။
မိုးဗြဲမြို့ကို နယ်မြေဆက်လက်ရှင်းရာမှာ တောင့်ခံနေတဲ့ ကယားလက်နက်ကိုင်တွေနဲ့ PDF တွေ မခံနိုင်ဘဲ ဆုတ်ခွာအပြေးမှာ တပ်မတော်ဘက်က ကယားလက်နက်ကိုင်တွေနဲ့ PDF တွေ ဆွဲပြေးသွားတဲ့ ရုပ်အလောင်းတွေမပါဝင်သေးဘဲ ၂၄ လောင်းရခဲ့သလို လက်နက်ခဲယမ်း အများအပြားကိုလည်း သိမ်းယူခဲ့ပါတယ်။
“ကျဆုံးစစ်သည်များရဲ့ စတေးမှု အလကားမဖြစ်ရအောင် ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိတယ်။ စိတ်ဓာတ်မကျပဲ အကောင်းဆုံး ပြန်လာကြမယ်၊ ပြန်လာဖို့လိုတယ်” လို့ မိုးဗြဲမြို့ပြန်သိမ်းချင်နေတဲ့ MPRT က ကြုံးဝါးပါတယ်။


