ထိုင်းနိုင်ငံ၊ နွန်ထဘူရီခရိုင်၊ ဘန်ဘာထောင်မြို့နယ်ရှိ ခလောင်းလမ်ဖိုတံတားအောက်၊ ရေထဲမှတွေ့ရသည့် သေပြီဟုယူဆထားသူ သက်ကြီးအမျိုးသားကြီးတစ်ဦးကို ဆယ်ယူရန် ရဲကတုတ်ဖြင့်ထိုးရာ အဆိုပါ အမျိုးသားကြီးမှ ရုတ်တရက် စကားထပြောလိုက်သဖြင့် ဆယ်ယူစစ်ဆေးရန် ဆောင်ရွက်နေသော ရဲတပ်ဖွဲ့ဝင်များ အလန့်တကြားဖြင့် ထွက်ပြေးခဲ့ကြရသည်ဟု ထိုင်းသတင်းများက ဖော်ပြသည်။
ထိုင်းသတင်းဖော်ပြမှုအရ ယနေ့ ဇွန်လ ၁၁ ရက်နေ့ နံနက်အစောပိုင်းတွင် ငါးမျှားရန် ခလောင်းလမ်ဖိုတံတားသို့ ရောက်ရှိလာသော မြန်မာနိုင်ငံသားတစ်ဦးက အဆိုပါတံတားအောက်၌ ခန္ဓာကိုယ်အောက်ပိုင်း ရေထဲနစ်ကာ ဦးခေါင်းပိုင်းမှာ ကျောက်တုံးတစ်တုံးပေါ်တင်လျှက် နှာခေါင်းသွေးထွက်အနေအထားဖြင့် သေဆုံးနေသော အမျိုးသားကြီးတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိကြောင်း ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့သည်ဟုဆိုသည်။
ယင်းသတင်းအရ နွန်သဘူရီခရိုင် Bang Buathong ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် Ruamkatanyu Foundation မှ တာဝန်ရှိသူများက လာရောက်ကြည့်ရှု့၍ ရုပ်အလောင်းကိုဆယ်ယူရန် ဆွေးနွေးနေကြစဉ် ရဲအရာရှိတစ်ဦးက ရုပ်အလောင်း၏ဗိုက်ပေါ်ရှိ ကျောက်တုံးတစ်ခုကို တုတ်တစ်ချောင်းဖြင့်ထိုးကာဖယ်ရှားစဥ် လူတိုင်းက သေပြီဟုယူဆထားသူ ၎င်းအမျိုးသားကြီးမှာ ရုတ်တရက် သတိပြန်လည်လာကာ အကူအညီတောင်းခဲ့ရာ ရဲတပ်ဖွဲ့ဝင်များအပါအဝင် ရောက်ရှိနေသူအားလုံး ကြောက်လန့်တကြား ထွက်ပြေးခဲ့ကြခြင်းဖြစ်သည်ဟု သတင်းတွင် ဖော်ပြထားသည်။
ထို့နောက်ပိုင်းမှသာ ယင်းအမျိုးသားကြီးကို ရေထဲမှကူညီကယ်တင်၍ မေးမြန်းခဲ့ရာ ၎င်းမှာ အသက် ၇၀ အရွယ်ခန့်ရှိ မစ္စတာ Kosem ဆိုသူဖြစ်ကြောင်း၊ အိမ်အပြန်လမ်းတွင် မူးလဲကာ ရေထဲသို့လဲကျပြီး သတိလစ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရှိသဖြင့် ရဲတပ်ဖွဲ့ဝင်များက ၎င်း၏ ဆွေမျိုးမိသားစုဝင်များကို အကြောင်းကြားကာ Bang Buathong ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
crd//
