မန္တလေးငလျင်ကြီးကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဒုတိယအကြိမ် အလှူငွေပေးအပ်လှူဒါန်းပွဲကို နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ ဆောင်တွင် မေလ ၂၉ ရက် မွန်းလွဲပိုင်းတွင် ကျင်းပခဲ့ရာ အလှူရှင်များရဲ့လှူဒါန်းမှုမှာ ငွေကျပ် ၁၃၁ ဘီလီယံကျော်နှင့် အမေရိကန်ဒေါ်လာ ၂ သန်းကျော် လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်တွင် ဖြစ်ပွားခဲ့သည့် မြေငလျင်ကြီးကြောင့် နေပြည်တော်အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၀ ခုတွင် ထိခိုက်မှုများရှိခဲ့ပြီး ၆ ခုတွင် ငလျင်ဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ရပြီး နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၀ ခုတွင် ရပ်ကွက် ၃၇၄ ခု၊ ကျေးရွာအုပ်စု ၉၄၄ စု၊ ကျေးရွာ ၂,၀၈၁ ရွာ၊ အိမ်ထောင်စု ၁၆၂,၁၆၇ စု၊ လူဦးရေ စုစုပေါင်း ၅၀၆,၀၆၉ ဦး ဘေးသင့်ခဲ့ရပြီး သေဆုံးသူ ၃,၇၃၉ ဦး၊ ပျောက်ဆုံးသူ ၆၈ ဦးနှင့် ဒဏ်ရာရသူ ၅,၁၀၄ ဦး ရှိခဲ့သည်။
နေအိမ်၊ အဆောက် အဦနှင့် အခြားထိခိုက်ပျက်စီးမှုများအနေဖြင့် လူနေအိမ် ၅၁,၂၁၀ လုံး၊ လမ်းလုပ်ငန်း ၄၃၁ ခု၊ တံတား ၁၀၃ စင်း၊ ရထားလမ်းပျက်စီးနေရာ ၈၃ နေရာနှင့် ရထားလမ်းတံတား ၁၁ စင်း၊ မိုဘိုင်းဆက်သွယ်ရေး စခန်း ၆,၇၃၀ ခု၊ မဟာဓာတ်အားလိုင်း ၁၀ လိုင်း၊ ဓာတ်အားလိုင်းတိုင် ၃,၄၃၅ တိုင်၊ ဆည်မြောင်း ၅၉၄ ခု၊ တာတမံ ၆ ခု၊ ဌာနအဆောက် အဦ ၁၁,၃၃၈ လုံး၊ ဆေးရုံ ၃၈၄ ရုံ၊ ဆေးခန်း ၃၆၄ ခန်း၊ ရှေးဟောင်းအဆောက်အဦနှင့်ပြတိုက် ၁၆၆ ခု၊ အခြေခံပညာကျောင်း ၂,၄၀၉ ကျောင်း၊ အဆင့်မြင့်ပညာကျောင်း ၇၂ ကျောင်း၊ ပုဂ္ဂလိကစာသင်ကျောင်း ၉၀၊ ဘုရားစေတီ ၆,၄၆၉ ဆူ၊ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်းနှင့် အခြားဘာသာရေးအဆောက်အဦ ၅,၅၈၈ ခု၊ ပုဂ္ဂလိကစက်ရုံ/အလုပ်ရုံ ၃၄၄ ခု၊ သီးနှံ ၇၈ ဒသမ ၅ ဧက၊ တိရစ္ဆာန် ၁၃၃,၇၀၀ ကောင် ထိခိုက်ပျက်စီးခဲ့ရပြီး မူလပျက်စီးဆုံးရှုံးမှုတန်ဖိုးမှာ စုစုပေါင်း ငွေကျပ် ၃,၈၀၄ ဒသမ ၅၄၉ ဘီလီယံ ရှိခဲ့သည်။
ပထမအကြိမ် အလှူငွေပေးအပ်လှူဒါန်းပွဲတွင် ပြည်တွင်း/ပြည်ပမှ စေတနာရှင်/ အလှူရှင်များက ငွေကျပ် ၁၁၂ ဒသမ ၈၇ ဘီလီယံ၊ အလှူပစ္စည်းတန်ဖိုး ၁၂ ဒသမ ၄ ဘီလီယံ၊ စုစုပေါင်းငွေကျပ် ၁၂၅ ဒသမ ၂၇ ဘီလီယံ ရရှိခဲ့ပြီး ဒုတိယအကြိမ် အလှူငွေပေးအပ်လှူဒါန်းပွဲတွင် ငလျင်ဒဏ်ခံစားခဲ့ရသည့် ပြည်သူများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ပြည်တွင်း/ပြည်ပ မှ စေတနာရှင်/အလှူရှင်များ၏ လှူဒါန်းမှုမှာ အိမ်ခန်း (၁၆)ခန်းပါ (၄)ခန်းတွဲ (၄)ထပ်တိုက် အဆောက်အဦတစ်လုံးလျှင် ငွေကျပ် သိန်း ၂၀,၀၀၀ နှုန်းဖြင့် အလုံးပေါင်း ၅၁ လုံးအပါအဝင် စုစုပေါင်းတန်ဖိုးငွေကျပ် ၁၃၁ ဒသမ ၅၃ ဘီလီယံနှင့် အမေရိကန်ဒေါ်လာ ၂,၃၁၄,၉၀၀ ဖြစ်ကြောင်း သိရပါတယ်။


