တောင်ငူမြို့နယ်မှ အမျိုးသမီးတစ်ဦးကို တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားရန် စီစဉ်ဆောင်ရွက်ခဲ့ကြသည့် အမျိုးသမီးနှစ်ဦးကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ်စီကျခံရန် မဟာအောင်မြေခရိုင်တရားရုံးက အမိန့်ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
အဆိုပါအမျိုးသမီးနှစ်ဦးမှာ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် သံမဏိစက်ရုံ (အနောက်)၊ အနီးစခန်းတွင်နေထိုင်သည့် မခင်မိုးမိုးလွင်နှင့် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ဗထူးတိုက်ခန်း တိုက်အမှတ် DD-5၊ (၇) လွှာနေ မခွန်းဆက်ဝေတို့ဖြစ်ကြပြီး ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် အိုင်သုံးဆင့်ရွာနေ အသက် ၂၂ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို တရုတ်ဇနီးအဖြစ် လုပ်ကိုင်ရန်ပြောဆိုစည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ရန် စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
သို့ဖြစ်သဖြင့် ချမ်းအေးသာစံမြို့နယ် အမှတ် (၈) မြို့မရဲစခန်း (ပ) ၁၆၁/၂၀၂၄ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ ဖြင့် အမှုရေးဖွင့် တရားစွဲတင်ခဲ့ပြီးနောက် မဟာအောင်မြေခရိုင်တရားရုံးမှ မေ ၁၈ ရက်တွင် ယင်းတရားခံနှစ်ဦးကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့် ထောင်ဒဏ် ၁၅ နှစ်စီကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
CRD//MHT
