အမေရိကန်က အထောက်အထားမဲ့မြန်မာနိုင်ငံသားတွေအတွက်ပါ

အမေရိကန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် အကြောင်းကြောင်းကြောင့် နေထိုင်ခွင့် ဗီဇာ စသည့် တရားဝင်အထောက်အထားများ သက်တမ်းကုန်ဆုံးခြင်းစသည်တို့ ကြုံတွေ့နေရပါက အထောက်အထားမဲ့ နိုင်ငံခြားသား နေရပ်ရွှေ့ပြောင်းသူအဖြစ် သတ်မှတ်ခံရကာ ပြည်နှင်မည့် အနေအထားများ ဖြစ်ပေါ်လာနိုင်သဖြင့် ကာယကံရှင်များ၏ ပုဂ္ဂလိကအစီအစဉ်ဖြင့် နေထိုင်ခွင့်ရရှိရေး ကြိုတင်ဆောင်ရွက်နိုင်ကြရန် ဝါရှင်တန်မြို့ရှိ မြန်မာသံရုံးက အသိပေးထုတ်ပြန်ထားသည်။

‎အကယ်၍ နေထိုင်ခွင့် အထောက်အထားမဲ့ သို့မဟုတ် တရားမဝင်ရောက်ရှိနေသူဖြစ်ပါက အိမ်ရှင်အစိုး၏ တာဝန်ရှိသူများက ပြည်နှင်ချိန်မှ ထွက်ခွာခြင်းထက် ကြိုတင်ထွက်ခွာသင့်ကြောင်းကိုလည်း မြန်မာသံရုံးက အကြံပြုထားသည်။

ထို့ပြင် မြန်မာနိုင်ငံအပြန်ခရီးအတွက် မည်သည့်ခရီးသွားလက်မှတ်အမျိုးအစားမျှ မရှိပါက (သို့မဟုတ်) နိုင်ငံကူးလက်မှတ်သည် ကာလကြာမြင့်စွာ သက်တမ်းလွန်နေပါက မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ လက်မှတ် လျှောက်ထားနိုင်ပါကြောင်း အသိပေးထားသည်။

အလားတူ လျှောက်ထားရန် ပုံစံနှင့် လိုအပ်ချက်များကို ဤသံရုံး၏ ဝက်ဘ်ဆိုက်မှ ရယူဖြည့်စွက်၍ အီးမေးလ်/ဖုန်းတို့ဖြင့် ဆောလျင်စွာ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်းကိုလည်း ဝါရှင်တန်မြို့ရှိ မြန်မာသံရုံး၏ အသိပေးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *