ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားခရိုင် ပင်လယ်ရေပိုင်နက်အတွင်းမှာ အေအေတပ်သားခြောက်ဦးကို မူးယစ်ဆေးဝါးတွေနဲ့အတူ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) က ဖမ်းဆီးလိုက်တယ်လို့ Dhaka Tribune သတင်းမှာ ဇန်နဝါရီ ၁၇ ရက်နေ့က ဖော်ပြပါတယ်။
ဇန်နဝါရီ ၁၅ ရက်နေ့ ညက မြန်မာဘက်က ထွက်လာတဲ့လှေနဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်နေတာကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က စီးနင်းဖမ်းဆီးခဲ့တာလို့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ရဲ့ တပ်မှူး ဒုတိယ ဗိုလ်မှူးကြီး အာရှိကူရ် ရာမန် (Ashikur Rahman) က ပြောပါတယ်။
ဒီအထဲ မူးယစ်ဆေး မက်သလင်း နှစ်ကီလိုဂရမ်၊ မူးယစ်စိတ်ကြွဆေးပြား တစ်သောင်း၊ ဆေးခြောက် (cannabis) အနည်းငယ်နဲ့ လက်ကိုင်ဖုန်း လေးလုံးကို လှေနဲ့အတူ ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။
ဖမ်းဆီးထားသူတွေဟာ အသက် ၂၅ ကနေ ၄၅ နှစ်အရွယ် အမျိုးသားတွေ ဖြစ်ပြီး ဘန်ဒါဘန်ရခိုင်ရွာ မှာ နေထိုင်သူ၅ဦးလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ ဖမ်းဆီးရမိသူတွေကို တရားဥပဒေအရ ဆောင်ရွက်ပြီး တက္ကနဖ် (Teknaf) ရဲတပ်ဖွဲ့ကို လွှဲပြောင်းပေးထားတယ်လို့ ဆိုပါတယ်။
@ThetNaingTun124