ရိုးရာလက်ဝှေ့သမား စိုးမိုးဇော် ကမ္ဘောဒီးယားခွန်ခမာဖိုက်တာများကို အနိုင်ရ

မြန်မာ့ရိုးရာလက်ဝှေ့သမားများဖြစ်သည့် စိုးမိုးဇော်နှင့် စောဂျွန်တို့သည် ကမ္ဘောဒီးယားခွန်ခမာပြိုင်ပွဲတွင် အိမ်ရှင် ကမ္ဘောဒီးယားခွန်ခမာဖိုက်တာများကို အနိုင်ရခဲ့ကြောင်း သိရသည်။

Krud Kunkhmer ဟု အမည်ပေးထားသည့် ခွန်ခမာပြိုင်ပွဲကို ပြီးခဲ့သည့် ဇန်နဝါရီ ၁၁၊ ၁၂ ရက်များက ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့ပြီး ယင်းပြိုင်ပွဲကို မြန်မာ့ရိုးရာလက်ဝှေ့သမားများဖြစ်သည့် စိုးမိုးဇော်နှင့် စောဂျွန်တို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်သည်။

စောဂျွန်သည် ကမ္ဘောဒီးယားခွန်ခမာပြိုင်ပွဲတွင် ဇန်နဝါရီ ၁၁ ရက်က ၅၇ ကီလိုတန်း၌ အိမ်ရှင်ကမ္ဘောဒီးယားဖိုက်တာ ခမ်ချန်းနှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး ပထမအချီမှာတင် အလဲထိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။

စောဂျွန်သည် ပထမအချီစတင်ကတည်းက အကွာအဝေးကိုထိန်းပြီး ဘယ်ထောက်လက်သီး၊ ဘယ်ညာပါ၀ါလက်သီးတွဲလုံး၊ အောက်ခြေခတ်ချက်၊ အမြင့်ကန်ချက်များဖြင့် သတ်လုံးသတ်ပေါက်စုံအောင် ထိုးသတ်သွားခဲ့သည်။

ကမ္ဘောဒီးယားဖိုက်တာ ခမ်ချန်းမှာ တားခြေ၊ နင်းခြေအားပြုပြီး အတွင်းဝင်ကာ Body Shots များဖြင့် တုံ့ပြန်ခဲ့သည်။

ပြီုင်ပွဲမှာ ခွန်ခမာစည်းမျဉ်းအတိုင်း သုံးမိနစ် သုံးချီ ယှဉ်ပြိုင်ထိုးသတ်ရသော်လည်း ပထမအချီအတွင်းမှာပင် စောဂျွန်၏ အောက်ခြေရိုက်ချက်များကြောင့် ကမ္ဘောဒီးယားဖိုက်တာ ခမ်ချန်း နှစ်ကြိမ်အမှတ်စဉ်ရေတွက်ခံခဲ့ရသည်။

ထို့နောက် ပြန်တည်ရာတွင်လည်း စောဂျွန်၏ အောက်ခြေရိုက်ချက်ကို ခမ်ချန်း မခံနိုင်ဘဲ အလဲထိုးခံရကာ အရှုံးပေးခဲ့ရခြင်း ဖြစ်သည်။

စိုးမိုးဇော်သည် ဇန်နဝါရီ ၁၂ ရက်တွင် ၆၅ ကီလိုတန်း၌ ၀ါရင့်အိမ်ရှင်ကမ္ဘောဒီးယားဖိုက်တာ ရစ်ဖိုးလူနှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့သည်။

စိုးမိုးဇော်သည် ယခင်ကမ္ဘောဒီးယားခွန်ခမာပြိုင်ပွဲများတွင် (၆၃.၅) ကီလိုတန်း၌သာ ထိုးသတ်နေခဲ့ပြီး ယခုပွဲတွင် ၀ိတ်တင်ထိုးသတ်ခဲ့ရခြင်းဖြစ်သည်။

စိုးမိုးဇော်သည် ပထမအချီတွင် ခြေကန်ချက်များကို မသုံးသလောက်ရှိခဲ့ပြီး ဘယ်ထောက်လက်သီး၊ ဘယ်ညာပါ၀ါတွဲလုံးလက်သီးများကိုသာ အားပြုထိုးသတ်ခဲ့သည်။

ကမ္ဘောဒီးယားဖိုက်တာ ရစ်ဖိုးလူသည် စိုးမိုးဇော်နှင့်ယှဉ်ကာ လက်သီးချင်းဆိုင်ထိုးပြိုင်ထိုး လုပ်ခဲ့သော်လည်း ယှဉ်နိုင်ခြင်းမရှိဘဲ အထိနာခဲ့သည်။

ဒုတိယအချီတွင်လည်း စိုးမိုးဇော်၏ တိုက်စစ်ဗျူဟာမှာ ပြောင်းသွားခြင်းမရှိဘဲ ပါ၀ါလက်သီးတွဲလုံးများဖြင့်သာ ရစ်ဖိုးလူကို ဖိအားပေးထိုးသတ်ခဲ့သည်။

ရစ်ဖိုးလူသည် လူချင်းအပူးတွင် တံတောင်ရိုက်ချက်ကို အားပြုခဲ့သော်လည်း စိုးမိုးဇော်က ပါးနပ်စွာ ရှောင်နိုင်ခဲ့သည်။

တတိယအချီတွင် စိုးမိုးဇော်မှာ ပွဲကို ထိန်းကစားသွားပြီး အကွာအဝေးကိုထိန်းကာ တားခြေ၊ နင်းခြေ၊ အောက်ခြေခတ်ချက်များနှင့် အမြင့်ကန်ချက်များကို အသုံးပြုခဲ့ပြီး အမှတ်ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။

စိုးမိုးဇော်သည် ပွဲများလာသည်နှင့်အမျှ အတွေ့အကြုံပိုင်းနှင့် လက်ရည်ပိုင်း သိသိသာသာတိုးတက်နေပြီဖြစ်သည်။

crd//

Leave a Reply

Your email address will not be published. Required fields are marked *