စိတ်ကျန်းမာရေးချို့တဲ့နေသည့် ချင်းအမျိုးသားတစ်ဦးကို CNA အဖွဲ့က ဖမ်းဆီးသတ်ဖြတ်

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် စိတ်ကျန်းမာရေးချို့တဲ့နေသော ချင်းအမျိုးသားတစ်ဦးကို CNA လက်နက်ကိုင်အဖွဲ့က ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ အရေးယူပေးရန် ဇိုမီအဖွဲ့ချုပ်(Zomi Federal Union)က ယမန်နေ့ (ဒီဇင်ဘာ ၁၁ ရက်)က ၎င်းတို့၏လူမှုကွန်ယက် Facebook စာမျက်နှာ၌ ထုတ်ပြန်တောင်းဆိုထားသည်။

တီးတိန်မြို့၊ စကောလမ်းရပ်ကွက်တွင်နေထိုင်သူ စိတ်ကျန်းမာရေးချို့တဲ့နေသော တာန်လန့်ခန့်ဆွင်းသည် ပြီးခဲ့သည့် ဒီဇင်ဘာ ၉ ရက်က တွန်းဇံမြို့သို့ သွားရောက်စဉ် တုန်းတွောင်ကျေးရွာအနီးအရောက်၌ ချင်းလက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သော CNA က ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ ဖမ်းဆီးခံရပြီးနောက် CNA လက်နက်ကိုင်အဖွဲ့က ရိုက်နှက်စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့ရာ ပြီးခဲ့သည့် ဒီဇင်ဘာ ၁၀ ရက်၊ နံနက်ပိုင်းတွင်သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ ထို့ကြောင့် ဖမ်းဆီးရိုက်နှက်သတ်ဖြတ်မှုနှင့်ပတ်သက်၍ တာဝန်ယူမှုတာဝန်ခံမှုရှိစေရန် CNA လက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များအနေဖြင့် ကျူးလွန်သူများကို အရေးယူပေးရန်၊ ချင်းလူမျိုးအချင်းချင်း အကြောင်းမဲ့သတ်ဖြတ်မှုများကို ရပ်တန့်ရန် ဇိုမီအဖွဲ့ချုပ်(Zomi Federal Union)၏ တောင်းဆိုချက်တွင် ဖော်ပြထားသည်။

Crd// NP News

Leave a Reply

Your email address will not be published. Required fields are marked *