လူထုအခြေပြု သဘာဝအခြေခံခရီးသွားလုပ်ငန်းတွေ အကောင်အထည်ဖော်ဆောင်နိုင်ဖို့ စီစဉ်နေ

ရေဘေးကြောင့် ထိခိုက်ပျက်စီးခဲ့တဲ့ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ မကျည်းပင်ကျေးရွာအုပ်စုထဲက ညောင်ပင်သာကျေးရွာကို ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ ဆောင်ရွက်တဲ့အခါ လူထုအခြေပြု သဘာဝအခြေခံခရီးသွားလုပ်ငန်းကို အကောင်အထည်ဖော်ဆောင်နိုင်ဖို့ ထည့်သွင်းစီစဉ် ဆောင်ရွက်သွားမယ်လို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က အဲဒီရွာကိုသွားရောက်ခဲ့တဲ့ မနေ့ကခရီးစဥ်အတွင်းမှာ ပြောကြားခဲ့ပါတယ်။

အလားတူပဲ အဲဒီကျေးရွာကို ဝန်ကြီးဌာနက ဖော်ဆောင်လျက်ရှိတဲ့ ခရီးသွားစံပြကျေးရွာတစ်ရွာအဖြစ် ပါဝင်လာနိုင်ဖို့ ဟိုတယ်နှင့် ခရီးသွားအသင်းအဖွဲ့ များ၊ ကျေးရွာသူကျေးရွာသားများက ဝိုင်းဝန်းပူးပေါင်း ကြိုးစားဆောင်ရွက်သွားရမယ်လို့လည်း ဆိုပါတယ်။

အဲဒီလို ကျေးရွာမှာလူထုအခြေပြုသဘာဝအခြေခံခရီးသွားလုပ်ငန်းဖော်ဆောင်နိုင်ပါက ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်တွေကို ဆွဲဆောင်ဖိတ်ခေါ်နိုင်ပြီး ဒေသခံတွေရဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အပံ့ဖြစ်စေမှာဖြစ်လို့ ဒေသခံများအနေနဲ့ ဒေသထွက်ကုန်တွေကိုအဆင့်မြှင့်တင်ပြီး ခရီးသွားလုပ်ငန်းဖော်ဆောင်ရာမှာ ထည့်သွင်းအသုံးပြုနိုင်ရေး ဆောင်ရွက်ကြဖို့လိုအပ်တယ်လို့လည်း ပြည်ထောင်စုဝန်ကြီးက ထည့်သွင်းပြောကြားခဲ့ပါတယ်။

အလားတူ ဝန်ကြီးဌာနနဲ့ အသင်းအဖွဲ့တွေပူးပေါင်းပြီး ခရီးသွားလုပ်ငန်းနဲ့ဆက်စပ်တဲ့ သင်တန်းတွေကို ဒေသခံတွေတက်ရောက်နိုင်ဖို့ စီစဉ်ပေးသွားမယ်လို့ ပြောကြားခဲ့သလို ကျေးရွာရှိဒေသခံများအနေနဲ့ကလည်း မိမိတို့ရပ်ရွာအေးချမ်းသာယာဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြဖို့စေလိုတယ်ဆိုပြီးတော့လည်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

Crd//

Leave a Reply

Your email address will not be published. Required fields are marked *