ယခုတစ်ပတ်ကျင်းပမည့် ONE Friday Fights 85 ပြိုင်ပွဲတွင် မြန်မာဖိုက်တာ သွေးလင်းထက်ပွဲ ပါဝင်လာပြီး ထိုင်းလူငယ်ဖိုက်တာ ဘရာဇီးလ်နှင့် ယှဉ်ပြိုင်ထိုးသတ်ရမည်ဖြစ်ကြောင်း သိရသည်။
ONE Friday Fights 85 ပြိုင်ပွဲကို နိုဝင်ဘာ ၁ ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ လုမ္မဏီအားကစားရုံတွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။
ယင်းပြိုင်ပွဲတင် တွဲဆိုင်း ၁၂ ဆိုင်း ပါဝင်မည်ဖြစ်ပြီး မြန်မာဖိုက်တာ သွေးလင်းထက်နှင့် ထိုင်းလူငယ်ဖိုက်တာ ဘရာဇီးလ်အမ်အက်ချတ်တို့၏ပွဲမှာ ပွဲစဉ် ၁၀ တွင် ပါဝင်နေခြင်းဖြစ်သည်။
သွေးလင်းထက်နှင့် ထိုးသတ်မည့် ထိုင်းလူငယ်ဖိုက်တာ ဘရာဇီးလ်အမ်အက်ချတ်သည် အသက် ၁၉ နှစ်သာရှိသေးပြီး အရပ် ၅ ပေ ၇ လက္မရှိသူဖြစ်ပြီး ONE Friday Fights ၌ သုံးပွဲထိုးသတ်ထားရာ နှစ်ပွဲနိုင်၊ တစ်ပွဲရှုံးနိမ့်ထားသည်။
သွေးလင်းထက်သည် ONE Friday Fights တွင် တစ်ပွဲသာထိုးသတ်ထားရသေးပြီး အနိုင်ရရှိထားသည်။
သွေးလင်းထက်သည် ပြီးခဲ့သည့် သြဂုတ်အတွင်းက ကျင်းပခဲ့သည့် ONE Friday Fights 76 ပြိုင်ပွဲတွင် ထိုင်းဖိုက်တာ ဂန်ချွိုင်းဂျစ်မောင်နွန်နှင့် ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီး အမှတ်ဖြင့်အနိုင်ရရှိခဲ့သည်။
ယင်းပွဲတွင် သွေးလင်းထက်နှင့် ထိုင်းဖိုက်တာ ဂန်ချွိုင်းဂျစ်မောင်နွန်တို့သည် အသဲကောင်းကောင်း၊ ဇွဲကောင်းကောင်းဖြင့် အကြိတ်အနယ် ရေကုန်ရေခန်း ထိုးသတ်ခဲ့ပြီး ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ကာ သုံးချီအပြီးတွင် သွေးလင်းထက်က အမှတ်ဖြင့် အနိုင်ရခဲ့သော်လည်း နှစ်ဦးစလုံးကို ONE Championsip CEO ဖြစ်သူ ချက်ထရီက ဘတ် ၃၅၀၀၀၀ ဘောနပ်စ်ချီးမြှင့်ခဲ့သည်။