နေပြည်တော်ရှိ ပေါင်းလောင်းရေလှောက်တမံ ကျိုးတော့မည်ဟူသောသတင်းမှာ မှန်ကန်မှုမရှိကြောင်းနှင့် ယင်းတမံ၏ လက်ရှိအခြေအနေမှာ စိုးရိမ်စရာမရှိကြောင်း ယနေ့ စက်တင်ဘာ ၂၂ ရက်တွင် သက်ဆိုက်ရာမှ ရှင်းလင်းထုတ်ပြန်ထားသည်။
ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ဆည်တမံ (၁၂) ခုအနက် မုန်၊ ငလိုက်နှင့် ပေါင်းလောင်းတမံ စသည့်တမံ (၃) ခုမှာ ရေကျော်နေပြီး ၎င်းတို့အနက် ပေါင်းလောင်းတမံမှာ ယနေ့ စက်တင်ဘာ ၂၂ ရက်တွင် ရေပိုလွှဲပေါ်မှ (၆.၃) ပေသာ အများဆုံး ရေကျော်နေသဖြငိ့ စိုးရိမ်စရာ အခြေအနေမဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အလားတူ အဆိုပါ ပေါင်းလောင်းတမံ၌ ပြီးခဲ့သည့် ၁၄-၉-၂၀၂၄ ရက်နေ့က (၁၁.၈၇) ပေအထိ ရေကျော်ခဲ့သော်လည်း စိုးရိမ်စရာအခြေအနေ မရှိခဲ့ကြောင်းနှင့် ယင်းတမံမှာ ကျောက်သားဖြင့် တည်ဆောက်ထားသော Rock Fill Dam အမျိုးအစားတမံဖြစ်သလို ရေပိုလွှဲ၏ ရေကျော်နိုင်သော ခံနိုင်ရည်အား ဒီဇိုင်းတွက်ချက်မှုအရ ၂၁ ပေအထိ ရေကျော်နိုင်တာဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
အလားတူ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန မှ ထိန်းသိမ်းထားရှိသော တစ်နိုင်ငံလုံးရှိ ဆည်ပေါင်း (၂၄၆) ခုအနက် (၅၄) ခုမှာ ရေပိုလွှဲမှ ရေကျော်နေတာဖြစ်သော်လည်း စိုးရိမ်စရာ မရှိကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။