နေပြည်တော် ပျဥ်းမနားမြို့နယ် ရေဘေးအတွင်း သစ်ပင်ပေါ် နာရီ ၂၀ နီးပါး တွဲခိုနေခဲ့ရသည့် ကလေးငယ်အချို့အပါအဝင် လူ ၃၄ ဦးကို လူမှုကူညီရေးအဖွဲ့တစ်ဖွဲ့က ယနေ့နံနက်ပိုင်းတွင် ကယ်ဆယ်နိုင်ခဲ့သည်။
လူ ၃၅ ဦးသည် သစ်ပင်အချို့ပေါ်၌ ယမန်နေ့ (စက်တင်ဘာ ၁၁ရက်) နေ့လည်ကတည်းက ရေဘေးတိမ်းရှောင်နေရခြင်းဖြစ်ရာ အဆိုပါနေရာသို့ လူမှုကူညီရေးအဖွဲ့တစ်ဖွဲ့က ယနေ့နံနက် ၁၁ နာရီကျော်တွင် သွားရောက်နိုင်ခဲ့ပြီး ကယ်ဆယ်နိုင်ခဲ့ခြင်းဟု သိရသည်။ ၃၅ ဦးအနက် တစ်ဦးသည် သေဆုံးနေ၍ ရုပ်အလောင်းကိုသာ ပြန်လည်ရရှိခဲ့သည်ဟု သိရသည်။
ယခုကယ်ဆယ်နိုင်ခဲ့သူများတွင် ကလေးငယ် အချို့နှင့် အမျိုးသမီးအချို့ပါဝင်ပြီး ၎င်းတို့သည် ကျေးရွာအနီးရှိ သစ်ပင်ပေါ်၌ နာရီ ၂၀ နီးပါး နေခဲ့ကြရပြီး တစ်ညလုံး ဘာမှမစားခဲ့ကြရသလို စိုးရိမ်ထိတ်လန့်နေကြပြီး ကျန်းမာရေးအတွက် စိုးရိမ်စရာမရှိကြောင်းလည်း သိရသည်။
ယနေ့နံနက်ပိုင်းတွင် ရေအနည်းငယ်ပြန်ကျသည့်နေရာများရှိနေသော်လည်း နေအိမ်များအတွင်း ပိတ်မိနေ၍ အရေးပေါ်လာရောက်ကယ်ဆယ်ရန်အကူအညီတောင်းခံမှုများလည်းရှိနေဆဲဖြစ်သည်။