မေတ္တာအေးရိပ်ပရဟိတဘုန်းတော်ကြီးကျောင်းတွင် နာယက ကျောင်းဆောင် အုတ်မြစ်တော်စီမင်္ဂလာ အခမ်းအနားဖွင့်ပွဲ ပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လုံမြို့၊ မေတ္တာအေးရိပ် ပရဟိတဘုန်းတော်ကြီး သင်ပညာရေးကျောင်းတွင် နာယကကျောင်းဆောင် အုတ်မြစ်တော်စီမင်္ဂလာ အခမ်း အနားနှင့် မုဒ်ဦးဖွင်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းတိုက်၌ ပြုလုပ်ရာ မန်ဆူဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍတိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ အဂ္ဂ မဟာကမ္မဌာနာစရိယ ဒေါက်တာဘဒ္ဒန္တပုညနန္ဒ အမှူးပြုသော ဆရာတော်၊သံဃာတော် များ ကြွရောက်တော်မူကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးမင်းထွန်းနှင့် ပြည်နယ်အစိုးရဖွဲ့မှ တာဝန်ရှိသူ များ၊ စေတနာရှင်အလှူရှင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက် ကြသည်။

           ဦးစွာ ဆရာတော်ကြီးများက နမောတဿ(၃)ကြိမ်ရွတ်ဆိုပြီး ဇယန္တောအောင် ဂါထာဖြင့် အုတ်မြစ်တော်စီမင်္ဂလာအခမ်းအနားကို စတင်ခဲ့သည်။ ထို့နောက် မန်ဆူဆရာ တော်က ဦးဆောင်၍ အုတ်မြစ်တော်စီ မင်္ဂလာအောင်မြင်ခြင်း အထိမ်းအမှတ်အဖြစ် အမွေးနံ့သာများပက်ဖြန်းခြင်းနှင့် ကံ့ကော်ပင်စိုက်ပျိုးခြင်းကို ပြုလုပ်သည်။ ယင်းနောက် မန်ဆူဆရာတော်၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက မေတ္တာအေးရိပ် ပရဟိတဘုန်းတော်ကြီးသင်ပညာရေးကျောင်းမုဒ်ဦးကို ဖွင့်လှစ်ပေးပြီး ကျောင်းတိုက်ရှိ ဓမ္မစကူး ကျောင်းသား၊ ကျောင်းသူများနှင့် ယာယီနေရပ်စွန့်ခွာနေသူများအား စားသောက် ဖွယ်ရာများနှင့် အဝတ်အထည်များ ထောက်ပံ့ပေးအပ်လှူဒါန်းကြသည်။ ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက မန်ဆူဆရာတော်ထံမှ ငါးပါးသီလခံယူစောင့်တည်ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသော မေတ္တာ သုတ်တရားတော်ကို နာယူကြည်ညိုကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေပြီး ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

           ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက မန်ဆူ ဆရာတော် ပင့်ဆောင်လာသော ဓါတ်တော်၊ မွေတော်များကို ပင်လုံမြို့၊ မွေတော်ဟိုးနား ရှေ့ဟောင်းစေတီတော်အတွင်းသို့ လိုက်ပါပင့်ဆောင်ပူဇော်ခဲ့ကြကြောင်း သတင်းရရှိ သည်။