ကချင်ပြည်နယ် ဝိုင်းမော်မြို့၊ ဗန်းမော်မြို့နှင့် ကယားပြည်နယ် လွိုင်ကော်မြို့၊ ဖားဆောင်းမြို့များတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် သောင်းကျန်းသူများ ထိတွေ့တိုက်ပွဲငယ်များဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် အဆိုပါမြို့များအား အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်နိုင်ခြင်းမရှိတော့ဘဲ အဝေးမှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ Drone များ သုံး၍ Drop Bomb ဖြုတ်ချတိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရ။
တာချီလိတ်
ပြည်သူတစ်ဦး၏ သတင်းပေးချက်အရ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၏ မြောက်ဘက် မီတာ ၅၀၀၀ ခန့်အကွာ ဝမ်ကျောက်လုံရွာ အီလာခမ်း၏ နေအိမ်အား ဝင်ရောက်ရှာဖွေစစ်ဆေးရာ တရုတ်နိုင်ငံသား ၄ ဦးကို- ပစ္စတို ၃ လက်၊ M-16 ၁ လက်၊ MK-12 ၁ လက်၊ CZ-512 ၁ လက်(စုစုပေါင်း ၆ လက်)၊ ကျည် ၁၄၉ တောင့်၊ ကျည်အိမ် ၆ ခု၊ စကားပြောစက် ၈ လုံး၊ ကတ်တမင်း ၁၅၀ ဂရမ်ခန့်၊ ခြင်င်္သေ့ ၁ ကောင်၊ ကျား ၁ ကောင်၊ ဝက်ဝံ ၂ ကောင် တို့နှင့်အတူသိမ်းဆည်းရမိခဲ့။
ဖမ်းဆီးရမိ တရားခံများအား စစ်ဆေးချက်အရ ၎င်းတို့သည် လာအိုရွှေတြိဂံကာစီနိုရုံ၌ ခင်မင်ခဲ့သည် ဖုန်းကော(တရုတ်လူမျိုး) က တာချီလိတ်တွင် အလုပ်လုပ်ကိုင်ရန် စည်းရုံးခဲ့သဖြင့် လာအိုနိုင်ငံမှ မြန်မာနိုင်ငံဘက်သို့ နေရာ(စိစစ်ဆဲ)မှ ဝင်ရောက်လာပြီး အီလာခမ်း၏ နေအိမ်သို့ ရောက်ရှိနေထိုင်စဉ် ဖမ်းဆီးခံရခြင်းဖြစ်။
ကျိုင်းတုံ
ကျိုင်းတုံမြို့နယ် ဝမ်တာပုံ ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လူ/ယာဉ် စစ်ဆေးမှုများဆောင်ရွက်နေစဉ် မိုင်းခတ်မှ ကျိုင်းတုံသို့ မောင်းနှင်လာသည့် Toyota Wish ခရီးသည်တင်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့ရာ တရားခံ အိုက်ဆန်း ၊ ပန်ဝိုင်မြို့နယ် နေသူပိုင်ဆိုင်သည့် ကော်ပုံးအတွင်းမှ Happy Water(မူးယစ်ဆေး) ၉.၆ ကီလိုဂရမ်ခန့် (တန်ဖိုးကျပ် ၁.၀၅၆ ဘီလီယံခန့်)နှင့်အတူ ဖမ်းဆီးရမိခဲ့။
ငါန်းဇွန်း
ဇွန်လ ၁၉ ရက် နေ့လည် ၁ နာရီခွဲခန့်က လုံခြုံရေးတပ်ဖွဲ့ဝင်များ ငါန်းဇွန်းမြို့နယ် မြို့သာမြို့နှင့် ကမ္မရွာအကြား နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် သားကျင်းကျေးရွာအနီး ကျေးရွာချင်းဆက်လမ်းပေါ်အရောက် PDF အကြမ်းဖက် ၃၀ ဦးခန့်က လက်လုပ်မိုင်း ၂ လုံး ဖောက်ခွဲပြီး ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့။
တိုက်ပွဲဖြစ်ပွားပြီး ၁၅ မိနစ်ခန့်အကြာမှာ သားကျင်းရွာဘက်မှ မြို့သာမြို့ဘက်သို့ မောင်းနှင်လာသည့် ယာဉ်တစ်စီး ဝင်ရောက်လာခဲ့ရာ PDF အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် လမ်းဘေးသို့ ထိုးကျတိမ်းမှောက်သွားခဲ့ပြီး PDF အကြမ်းဖက်သမားများ တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့။
ပစ်ခတ်မှုဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပတ်ဝန်းကျင်အား လိုက်လံရှင်းလင်းခဲ့ရာ PDF အကြမ်းဖက်သမားများ၏ ပစ်ခတ် တိုက်ခိုက်မှုများကြောင့် တိမ်းမှောက်သွားသည့် ယာဉ်ပေါ်၌ ပျံလွန်တော်မူနေသည့် ဘုန်းကြီးတစ်ပါး နှင့် အခြားဘုန်းကြီးတစ်ပါး၊ ယာဉ်မောင်းတို့ကို မစိုးရိမ်ရဒဏ်ရာရရှိပြီး ကယ်တင်နိုင်ခဲ့။
ပျံလွန်တော်မူသည့် ဘုန်းကြီးမှာ ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်း ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ မဟန(ငြိမ်း) ဖြစ်ပြီး PDF များ ပစ်ခတ်သည့် လက်နက်ငယ်ကျည် ဦးခေါင်းထိမှန် ပျံလွန်တော်မူခဲ့ခြင်းဖြစ်။
ပျံလွန်တော်မူသွားသော ဆရာတော်၏ ရုပ်ကလာပ်နှင့် ဒဏ်ရာရလူနာများအား တံတားဦးပြည်သူ့ဆေးရုံသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပို့ဆောင်ပေးခဲ့ပြီး ဇွန်လ ၁၉ ရက် ညပိုင်းတွင် ဆရာတော်၏ ရုပ်ကလာပ်တော်ကို ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံကျောင်းသို့ ပင့်ဆောင်သွားကြောင်း သိရှိရ။
#တိုက်ပွဲသတင်းစုံ